မြန်မာ-ထိုင်းနယ်စပ်ရှိ KNU တပ်မဟာ (၇)ဌာနချုပ်ကို စစ်ကောင်စီတပ်က အသေခံဒရုန်းနှင့် တိုက်ခိုက်မှုတွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီအိမ်အနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲသည်ဟု KNU သတင်းအရင်းအမြစ်ထံမှ သိရသည်။
စစ်ကောင်စီတပ်သည် ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၁၈)ရက်နေ့ နံနက်ပိုင်းက အသေခံဒရုန်းဖြင့် (၃)ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိဟုလည်း သိရသည်။
“မနက် (၃) နာရီ (၄၆) မိနစ်မှာ တစ်ကြိမ်၊ (၄) နာရီ (၁) မိနစ်မှာ တစ်ကြိမ်၊ (၄) နာရီ (၁၂) မိနစ်မှာ တစ်ကြိမ် တိုက်ခိုက်တာ။ မဲသဝေါဘက်ကနေ တိုက်ခိုက်တာ။”ဟု KNU သတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီသည် တပ်မဟာ(၇)ဌာနချုပ်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၂၂)ရက်နေ့က ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ပြီး ယခုနှစ်တွင် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ဒုတိယကြိမ် တိုက်ခိုက်ထားခြင်းဖြစ်သည်။
မတ်လ(၁၄)ရက်နေ့က KNU တပ်မဟာ (၇)နယ်မြေရှိ စစ်ကောင်စီ၏ ပူးလူးတူတပ်စခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်သဖြင့် စစ်ကောင်စီတပ်သားများ ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားသည်။
#TachileikNewsAgency