တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင်စီတို့ ဆွေးနွေးပွဲ ပြေလည်မှုမရဟု စုံစမ်းသိရှိရသည်။
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့၌ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့မှစတင် ဆွေးနွေးမှုတွင် နှစ်ဖက်အကြား ပြေလည်မှုမရသဖြင့် လေကြောင်းအန္တရာယ်စိုးရသည်ဟု သတင်းအရင်းအမြစ်က အသိပေးသည်။
“မပြေလည်ကြဘူးလို့ သိထားရတယ်။ ဒီကိစ္စကျတော့ ဗဟိုမှာပြန်ပြီး ဆွေးနွေးမယ် ပြီးမှ စာထုတ်ပြန်မယ်။”ဟု သတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။
မည်သည့်အချက်များကို ဆွေးနွေးသည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ဆွေးနွေးပွဲ ပြေလည်မှုမရခြင်းကြောင့် TNLA ထိန်းချုပ်ဒေသများ စစ်ကောင်စီ၏ လေကြောင်းရန်စိုးရိမ်ရသည့် အခြေအနေဖြစ်သည်ဟုလည်း ဆိုသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)မှ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ ဦးဆောင်ပြီး မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် (၉)ဦး တက်ရောက် ဆွေးနွေးကြခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်ဆွေးနွေးသည်ဟု သိရသည်။
စစ်ကောင်စီဘက်က ကစထ (၁)မှူးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးသည် MNDAA ကိုးကန့်အဖွဲ့နှင့် တွေ့ ဆုံဆွေးနွေးခဲ့သူဖြစ်ပြီး လာမည့် မတ်လ(၂၂)ရက်နေ့တွင်လည်း MNDAA နှင့် ထပ်မံတွေ့ဆုံရန်ရှိနေသည်။
ကူမင်းမြို့၌ နှစ်ဖက်ဆွေးနွေးနေချိန် စစ်ကောင်စီက TNLA ထိန်းချုပ်နယ်မြေဖြစ်သော ကွတ်ခိုင်-နမ္မတူ အစပ်နေရာများနှင့် နောင်ချိုမြို့နယ် တောင်းခမ်းဒေသတို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ (၁၇)ရက်နေ့နှင့် (၁၈)ရက်နေ့တို့တွင် လေကြောင်းမှတိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့်နှစ်အတွင်း ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)နှင့် အပိုင်း(၂)အတွင်း မဟာမိတ်တော်လှန်ရေးအဖွဲ့မှ နယ်မြေအများအပြားကို သိမ်းယူနိုင်ခဲ့ပြီး မဟာမိတ်အဖွဲဝင်ဖြစ်သည့် PSLF/TNLA က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါ စုစုပေါင်း မြိုနယ်(၁၂)မြို့နယ်ကို သိမ်းယူကာ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ယူထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၁၆)ရက်နေ့ကစတင်ကာ နှစ်ရက်တာ MNDAA နှင့် စစ်ကောင်စီတို့ကြား တွေ့ဆုံဆွေးနွေး ပြီးနောက် အပစ်ရပ်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
ညီနောင်မဟာမိတ်(၃)ဖွဲ့အနက် အရက္ခတပ်တော်(AA)တစ်ဖွဲ့တည်းသာ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် တိုက်ပွဲများ ဆက်ဖြစ်နေသည်။
#TachileikNewsAgency