မြိုင်မြို့နယ်ရှိ ကျေးရွာများအတွင်း ဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ပြီးနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့က နယ်မြေရှင်းလင်းရာ ကျည်ဆံနှင့် ငွေတချို့ရရှိ

မြိုင်မြို့နယ်ရှိ ကျေးရွာများအတွင်း ဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ပြီးနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့က နယ်မြေရှင်းလင်းရာ ကျည်ဆံနှင့် ငွေတချို့ရရှိ
အောက်တိုဘာ 2, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ဆောက်တောင်ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များက ဒရုန်းဖြင့်တိုက်ခိုက်ပြီးနောက် ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့တွင် နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ်တစ်ဦး၏ ကျည်ဆံနှင့် အသုံးအဆောင်ပစ္စည်းတချို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၃၀)ရက်နေ့က စတင်ကာ မြိုင်မြို့နယ် ကျောက်ဆောက်တောင်ရွာကို ဝင်ရောက်လာကာ‌ ဒေသခံများအား ဖမ်းဆီးနှိပ်စက်နေသည့် အင်အား(၈၀)ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ကို နှစ်ရက်အတွင်း ဒေသကာကွယ်ရေးတပ်များက ဒရုန်းဖြင့် အီနာဂါဗုံးသီး(၂၇)လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုပြီးနောက် ယနေ့တွင် ဒေသကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းရာ ရဲတပ်ဖွဲ့ဝင် ဒုတပ်ကြပ်တစ်ဦး၏ လွယ်အိတ်တစ်လုံးကို သိမ်းဆည်းရရှိခဲ့ပြီး လွယ်အိတ်အတွင်းမှ (၅.၅၆)ကျည် (၂၅၀)တောင့်၊ ဓာတ်မီးတစ်လုံး၊ လေးဂွတစ်လက်နှင့် ပိုက်ဆံ(၅၉၅၀)ကျပ်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု Young Force UGတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ လွယ်အိတ်ဘေးတွင် သွေးကွက်များကိုတွေ့ရှိခဲ့ခြင်းကြောင့် ဒုတပ်ကြပ်မှာ ပြင်းထန်ဒဏ်ရာ ရရှိနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့က ဒေသခံတစ်ဦးကိုလည်း ရိုက်နှက်သတ်ဖြတ်သွားခဲ့သည်ဟု သိရသည်။

 

လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ်များတပ်စွဲထားသည့် အနောက်ဘုန်းကံကျေးရွာသို့ ဆုတ်ခွာသွားကြောင်း သိရသည်။

#TachileikNewsAgency