တောင်သာမြို့နယ် ရုံးစင်ကြီး ရဲစခန်းအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား တော်လှန်ရေးတပ်ပေါင်းစု ဝင်ရောက်တိုက်ခိုက်

တောင်သာမြို့နယ် ရုံးစင်ကြီး ရဲစခန်းအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား တော်လှန်ရေးတပ်ပေါင်းစု ဝင်ရောက်တိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် ရုံးစင်ကြီးရဲစခန်းအနီး မိတ္ထီလာ-တောင်သာလမ်းပိုင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား တော်လှန်ရေးတပ်ပေါင်းစုမှ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ကြောင်း တောင်သာ ပကဖ (TTA-PDF) အဖွဲ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တောင်သာမြို့နယ် ရုံးစင်ကြီး ရဲစခန်းအနီးမှ ရဲတပ်သား (၁၅)ဦးခန့်သည် မိတ္ထီလာ-တောင်သာလမ်းပိုင်းတွင် ဂိတ်ချ၍ ပြည်သူများ၏ ကား ၊ ဆိုင်ကယ်များကို တားဆီးစစ်ဆေးမှုများ ပြုလုပ်နေကြစဉ် ယနေ့ အောက်တိုဘာလ (၃၁) ရက်နေ့ နံနက် (၈) နာရီခွဲခန့်တွင် တော်လှန်ရေးတပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲတပ်သား တစ်ဦး နေရာတွင် သေဆုံးပြီး ၊ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားကာ ၊ ရဲသတင်းပေး မောင်မြင့်ဆိုသူလည်း ရဲများ ပစ်ခတ်သည့် ကျည်ထိမှန်ကာ သေဆုံးသည်ဟု သိရှိရကြောင်း တောင်သာ ပကဖ (TTA-PDF)အဖွဲ့က ဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုအား မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO)၏ တစိတ်တပိုင်းအဖြစ် တောင်သာ ပကဖ (TTA-PDF)၊ နေပြည်တော် (၈၀၁) တပ်ရင်း ၊ မိတ္ထီလာ ပကဖ ၊ စဉ့်ကိုင် ပကဖ ၊ တောင်သာ ပလဖ ၊ ကျောက်ပန်းတောင်း ပကဖ နှင့် ညောင်ဦးခရိုင် ရင်း (၁)မှ မဟာမိတ် တပ်ဖွဲ့များမှ ပူးပေါင်း ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: တောင်သာ ပကဖ (ပုံဟောင်း)