DKBA ထိန်းချုပ်ရာဒေသရှိ ကျားဖြန့်လုပ်ငန်းများကို တစ်လအတွင်း အပြီးပြတ်နိုင်သည်ဟု DKBA အမှတ်(၁)စစ်ကွပ်ကဲရေးမှူးက ဗိုလ်မှူးချုပ် စိုင်းကျော်လှက ပြောသည်။
“ဒီဟာက မကြာပါဘူး။ ဒီလကုန်ဆို ပြတ်နိုင်တယ်။ အခုကတော့ ကျွန်တော်တို့ ကျားဖြန့်နဲ့ပတ်သက်ပြီး နှိမ်နင်းတာ ဘယ်ခက်မလဲ၊ ကိုယ့်ရဲ့ဒေသထဲမှာဆိုတော့ ဘယ်သူ့ဆီကမှလည်း ခွင့်တောင်းစရာ မလိုပါဘူး။ အများဆုံး ဒီလကုန် ရင်ပြတ်နိုင်တယ်လို့ ကျွန်တော်မြင်တယ်။”ဟု DKBA အမှတ်(၁)စစ်ကွပ်ကဲရေးမှူးက ဗိုလ်မှူးချုပ် စိုင်းကျော်လှ Tachileik News Agency သို့ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ပြောသည်။
DKBA က ၎င်းတို့၏ ထိန်းချုပ်ရာဒေသတွင်းရှိ ကျားဖြန့်လုပ်ငန်းများကနေ ရှာဖွေပြီး ထိုင်းဘက်သို့ နိုင်ငံခြားသား (၂၆၀)ဦးကို ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ညနေပိုင်းက လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။
ပြန်လည် လွှဲပြောင်းပေးလိုက်သည့် နိုင်ငံခြားသားများတွင် ဖိလစ်ပိုင် (၁၆)ဦး၊ ကင်ညာ(၂၃)ဦး၊ တန်ဇန်းနီးယား (၁)ဦး၊ ဘရာဇီး (၂)ဦး၊ အီသီယိုးပီးယား (၁၃၈)ဦး၊ ပါကစ္စတန်(၁၂)ဦး၊ ဘင်္ဂလားဒေ့ရှ် (၂)ဦး၊ နီပေါ(၇)ဦး၊ ကမ္ဘောဒီးယား (၁)ဦး သီရိလင်္ကာ(၁)ဦး၊ ယူဂန်ဒါ (၆)ဦး၊ ထိုင်ဝမ်(၇)ဦး၊ လာအို (၆)ဦး၊ အင်ဒိုနီးရှား (၈)ဦး၊ ဘူရွန်ဒီ(၂)ဦး၊ နီဂါ(၁)ဦး၊ ဂါနာ(၁)ဦး၊ အိန္ဒိယ(၁)ဦး၊ မလေးရှား (၁၅)ဦး နှင့် တရုတ် (၁၀)ဦး စသည့် နိုင်ငံများမှ (၂၆၀)ဦး ပါဝင်သည်။
အဆိုပါ လူကုန်ကူးခံရသူများကို ထိုင်းနိုင်ငံ တာ့ခရိုင် ဖုတ်ဖရမြို့သို့ မြ၀တီမြို့နယ် ကျောက်ခက်ကျေးရွာရှိ လှေ ဆိပ်မှတဆင့် သောင်းရင်းမြစ်ကမ်းကိုဖြတ်ကာ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။
“ထပ်ပြီး စိစစ်ရဦးမှာပေါ့။ ကုန်တော့ မကုန်လောက်သေးဘူး။ ကျန်ရဦးမယ်။ ပြီးပြတ်အောင် လုပ်ရမှာ။ ဘယ်လောက်ကျန်မလဲ မပြောနိုင်သေးဘူး။ အခုပို့လိုက်တဲ့သူတွေက သူတို့မိတ်ဆွေ၊ သူငယ်ချင်းတွေ ကျန်သေးတယ်လို့ အကူအညီတောင်းတယ်။ အနည်းအများတော့ရှိတယ်။ အတိအကျတော့ မသိရဘူး။ ဒီလုပ်ငန်းပြီးပြတ်သွားအောင်တော့ လုပ်ရမှာပေါ့။”ဟု ဗိုလ်မှူးချုပ် စိုင်းကျော်လှက ပြောသည်။
DKBA အနေဖြင့် ကျားဖြန့်လုပ်ငန်းနှင့်ပါတ်သက်သည့် လူများပင်မက အသုံးအဆောင်ပစ္စည်းများကိုပါ နှိမ်နင်းသွားမည်ဖြစ်ပြီး ဘုရားသုံးဆူဒေသတွင်လည်း ကျားဖြန့်လုပ်ငန်းလုပ်နေသည့် တရုတ်နိုင်ငံသားများကို လာရာလမ်းအတိုင်း ပြန်လွှတ်လိုက်ပြီဟု ဆိုသည်။
ကျားဖြန့်လုပ်ငန်းနှင့်ပါတ်သက်၍ မြန်မာ - ထိုင်းနယ်စပ်ဒေသတလျှောက် လျှပ်စစ်မီးနှင့် စက်သုံးဆီများအား ထိုင်းဘက်က ဖြတ်တောက်လိုက်ပြီးနောက် DKBA က ၎င်းတို့ထိန်းချုပ်နယ် ဘုရားသုံးဆူနှင့် ကျောက်ခက်ဒေသများတွင် ကျားဖြန့်လုပ်ငန်းများ မရှိစေရေးလုပ်ဆောင်မည်ဟု အသိပေးပြီးနောက် ဖမ်းဆီးခြင်းများ စတင်လာခြင်းဖြစ်သည်။