အစစ်အဆေးများနေချိန် မြန်မာအများစုနေထိုင်ရာ မဲဆောက်မြို့ ထုံထောင်းရပ်ကွက်တွင် ဗုံးသီးတွေ့

အစစ်အဆေးများနေချိန် မြန်မာအများစုနေထိုင်ရာ မဲဆောက်မြို့ ထုံထောင်းရပ်ကွက်တွင် ဗုံးသီးတွေ့
ဖေဖော်ဝါရီ 28, 2025 | နယ်စပ်သတင်း

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အစစ်အဆေးများနေချိန် မြန်မာအများစုနေထိုင်ရာ ထုံထောင်းရပ်ကွက်၌ မပေါက်ကွဲသေးသည့် ဗုံးသီးတစ်လုံး ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ နံနက်ပိုင်းက တွေ့ရှိသည်ဟု မဲဆောက်ရောက် မြန်မာများထံမှ သိရသည်။

အဆိုပါရပ်ကွက်အတွင်း ရွှေ့ပြောင်းမြန်မာ အများအပြားနေထိုင်ကြပြီး ဗုံးသီးတွေ့ရှိသည့်နေရာကို  ထိုင်းအာဏာပိုင်များက ပိတ်ဆို့ထားကာ မြန်မာများအား အထောက်အထားစစ်ဆေးခြင်းများ လုပ်ဆောင်လာမည်ကို စိုးရိမ်နေကြရသည်ဟု ဆိုသည်။

“ရေမြောင်းဖော်နေရင်းနဲ့ စိန်ပြောင်းဗုံးသီးတစ်လုံးတွေ့တာ။ ရဲတွေတော့ ရောက်နေတယ်။ ပိတ်ထားပြီး စစ်ဆေးနေတယ်။”ဟု မဲဆောက်ရောက် မြန်မာတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါ ဗုံးသီးသည် လက်နက်ကြီးအဖူးဖြစ်ပြီး ဒလက်များမပါဝင်တော့သော်လည်း ပေါက်ကွဲနိုင်သေးသည့် အစံကျန်နေသေးသည်ဟု သိရသည်။

“ဗုံးတွေ့တာ အဲဒီနေရာကိုတော့ ပိတ်ထားတယ်။ ထုံထောင်းမှာ မြန်မာတွေ အများကြီးပဲနေထိုင်ကြတယ်။ Save House တွေလည်း သုံးခုလောက်ရှိတယ်။ မြန်မာတွေနေတဲ့ တန်းလျားတွေလည်းရှိတယ်။”ဟု မဲဆောက်ရောက် မြန်မာတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထိုင်းအာဏာပိုင်များသည် မြန်မာဘက်ခြမ်း မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းများကြောင့် နိုင်ငံခြားသားများအား စောင့်ကြည့်စစ်ဆေးနေချိန် မဲဆောက်မြို့အနီးက ကျေးရွာများရှိ မြန်မာနိုင်ငံသားများကိုလည်း ည(၉)နာရီကျော်ပါက အပြင်မထွက်ရန်အပါ စည်းကမ်းချက်(၁၃)ချက်ကို ကျေးရွာသူကြီးများက လိုက်ကပ်နေသည်ဟု သိရသည်။

အဆိုပါစည်းကမ်းချက်များထဲတွင် ရန်မဖြစ်ရန်၊ ပတ်၀န်းကျင်ကို အနှောင့်အယှက်ဖြစ်နိုင်မည့် ဆူညံသံများမလုပ်ရန်နှင့် အိမ်မွေးတိရစ္ဆာန် မမွေးရန်ဆိုသည့် အချက်များအပြင် ည(၉)နာရီကျော်ပါက မြန်မာများ ပြင်ပထွက်ခွင့် တားမြစ်သည်ဆိုသော အချက်များပါဝင်သည်။

လက်ရှိတွက် မဲဆောက်မြို့အတွင်း အစစ်ဆေးများနေသဖြင့် မြန်မာဆိုင်များ ပိတ်ထားရသည့်အခြေအနေဖြစ်သည်ဟုလည်း သိရသည်။

ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ပြီးခဲ့သည့်တစ်ပတ်အတွင်း ဥပဒေနှင့်မညီညွတ်သူ(၉၀၀၀)ကျော်ကို ဖမ်းဆီးရမိခဲ့ကာ မြန်မာနိုင်ငံသား (၄၈၇၉)ဦး ပါသည်ဟု ထိုင်းသတင်းများက ဖော်ပြထားသည်။

#TachileikNewsAgency