ထိုင်း - မြန်မာနယ်စပ်ဒေသ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်း မယ်ဆိုင်ရဲတပ်ဖွဲ့က ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်၍ မလိုက်နာသူများအား ဒဏ်ငွေဆောင်စေခြင်းဖြင့် အရေးယူမှုများ လုပ်ဆောင်နေသည့်အတွက် တာချီလိတ်ကနေ သွားရောက်မည့် မြန်မာနိုင်ငံသားများ ယာဉ်/လမ်း စည်းကမ်း လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
မယ်ဆိုင်ရဲတပ်ဖွဲ့က ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ၏ ဒုတိယပတ်အတွင်းကစပြီး မယ်ဆိုင်မြို့တွင်း လမ်းများတွင် ရှောင်တခင် စစ်ဆေးမှုများ လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။
အဓိက စစ်ဆေးသည့် အချက်များမှာ သတ်မှတ် မိုင်နှုန်းထက် ကျော်လွန်အရှိန်မြှင့် မောင်းနှင်ခြင်း၊ အချက်ပြမီး အသုံးမပြုဘဲ ကျော်တက်ခြင်းနှင့် ကွေ့ခြင်း၊ ယာဉ်ကြောပိတ်ဆို့နေချိန်တွင် စည်းကမ်းမဲ့ ကျော်တက်ခြင်း၊ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းဘဲ မောင်းနှင် လိုက်ပါခြင်း၊ ယာဉ်မောင်းစဉ် ဖုန်းအသုံးပြုခြင်း၊ သောက်စားမူးယစ်ပြီး မောင်းနှင်ခြင်း၊ ယာဉ်မောင်လိုင်စင် မရှိဘဲ မောင်းနှင်ခြင်း၊ ကားထိုင်ခုံမပတ်ခြင်း နှင့် လမ်းပြောင်းပြန်မောင်းနှင်ခြင်းများ ဖြစ်သည်။
အဆိုပါ သတ်မှတ်ချက်များကို မလိုက်နာဘဲ ဖောက်ဖျက်ပါက မယ်ဆိုင်ရဲစခန်းတွင် ဒဏ်ငွေဆောင်စေခြင်းဖြင့် အရေးယူလျှက်ရှိကြောင်း မယ်ဆိုင်ရဲတပ်ဖွဲ့က အသိပေးကြေညာထားရှိသည်။
ယခုလို စစ်ဆေးမှုအတွင်း သတ်မှတ်ချက် မလိုက်နာ၍ အရေးယူခံရသူများတွင် ထိုင်းနိုင်ငံသားများ အပြင် တာချီလိတ်မှ လာသော မြန်မာနိုင်ငံသားများလည်း ပါဝင်ကြောင်း သိရသည်။