ထိုင်း - မြန်မာနယ်စပ်ဒေသ မြဝတီမြို့တွင် စက်သုံးဆီပြတ်လပ်သဖြင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းသို့ သွားရောက်၍ စက်သုံးဆီဝယ်ယူနေကြရသည်ကို ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် နံနက်အစောပိုင်းကစပြီး တွေ့ရသည်။
မဲဆောက်မြို့သို့ စက်သုံးဆီ သွားရောက်ဝယ်ယူသည့် မော်တော်ယာဉ်အစီးရေ အများပြားသဖြင့် ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် ကားများပိတ်မိနေသည်ဟုလည်း သိရသည်။
“တပိုင်တနိုင်တော့ ဆီထည့် လို့ရတယ်။ ဒါပေမယ့် ပုံးတွေနဲ့ သယ်ခွင့်မပေးဘူး။ ကားကတော့ အရင်ကလည်း ပုံမှန် ဝင်တာပဲ။ အခုကတော့ ပိုပြီးတော့မှ ဝင်လာတာပေါ့နော်။ ဝင်ပြီးတော့ အထွက်များတယ်။ လိုချင်တာက ဆီလာ ယူတဲ့ သဘောမျိုးပဲ။ ပြီးလို့ရှိရင် ပြန်ထွက်တယ်။”ဟု မြဝတီမြို့ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။
မြဝတီဒေသအဓိက ပစ်မှတ်ထားပြီး တရုတ်ဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန် ထိုင်းနိုင်ငံဘက်က လျှပ်စစ်နှင့် စက်သုံးဆီများအား နယ်စပ်ဒေသ(၅)ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၅)ရက်နေ့က စတင်၍ ကန့်သတ်ထားခြင်းဖြစ်၍ မြန်မာနယ်စပ်ဘက်ခြမ်း တွင် စက်သုံးဆီပြတ်လပ်၍ ပြည်သူများ အခက်အခဲဖြစ်နေကြရသည်။
“ဓါတ်ဆီကတော့ ထိုင်းဘက်မှာ ပုံမှန်ဝယ်နေလို့ရတာပဲ။ အရင်ကလည်း ဝယ်နေကျပေါ့။ ကျွန်တော့်အထင်ဆို နောက်ဆိုရင် ကားတစ်စီးဘယ်နှစ်ကြိမ်ပဲ ဝင်ရမယ်လို့ ကန့်သတ်ချင်၊ ကန့်သတ်လိုက်နိုင်တယ်။”ဟု မြဝတီမြို့ဒေသခံ တစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံဘက်က တာချီလိတ်၊ မြဝတီနှင့် ဘုရားသုံးဆူမြို့တို့ကို စက်သုံးဆီတင်သွင်းမှု (၆)လ ပိတ်ထားမည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးချုပ် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ထိုင်းသတင်းဌာနများအား ပြောဆိုထားသည်။