ကျားဖြန့်ကိစ္စများကြောင့် ဖိအားပေးခံနေရသည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)က ကျားဖြန့် ပပျောက်ရေး နှိမ်နင်းရေး အထူးအဖွဲ့ကို ဖွဲ့စည်းတော့မည်ဟု BGF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။
ထိုင်းအစိုးရက မြန်မာနယ်စပ်ဘက်တွင် တရုတ်ဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်းများ မလည်ပတ်နိုင်ရန်အတွက် ဟုဆိုကာ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ကစပြီး မြဝတီဒေသကို လျှပ်စစ်မီးနှင့် စက်သုံးဆီများအား ကန့်သတ် ဖြတ်တောက်လိုက်ပြီးနောက် BGF ဘက်က အဆိုပါအဖွဲ့ကို ဖွဲ့စည်းကာ ကျားဖြန့်နှိမ်နင်းမည်ဟု ဆိုသည်။
“မကြာခင်မှာ အကြီးအကဲတွေ အစည်းအဝေးလုပ်ပြီးတော့ ကျားဖြန့်ပပျောက်ရေး နှိမ်နင်းရေးအထူးအဖွဲ့ကို ဖွဲ့သွားမှာပါ။ ဖွဲ့ပြီးတော့ ထိထိရောက်ရောက် ဖော်ထုတ်နှိမ်နင်းပြီးတော့မှ သက်ဆိုင်ရာ နိုင်ငံကို ပြန်အပ်ဖို့ ကျွန်တော်တို့ ဆောင်ရွက်နေပါပြီ။”ဟု ဗိုလ်မှူးနိုင်မောင်ဇော်က Tachileik News Agency ကို ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် ပြောသည်။
အဆိုပါ အထူးအဖွဲ့တွင် မည်သူများ ပါဝင်မည်ဆိုသည်ကို အစည်းအဝေးပြီးမှသာ သိရမည်ဖြစ်ပြီး ရက်ပိုင်းအတွင်း သိရမည်ဟုလည်း ဆိုသည်။
“ဒါက ကျွန်တော်တို့ ထိန်းချုပ်နယ်မြေအတွင်းပဲ။ တခြားထိန်းချုပ်နယ်မြေကတော့ သူ့သက်ဆိုင်ရာဆိုတော့ တဖက်နဲ့တဖက် လေးစားမှုတော့ ရှိရမှာပေါ့။”ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။
လက်ရှိတွင် BGF အနေဖြင့် မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းများထံ လူကုန်ကူးခံထားရသည့် အင်ဒိုနီးရှားနိုင်ငံသား(၆၉)ဦးကို ထိုင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးရန် စီစဉ်နေပြီဟုလည်း ဗိုလ်မှူးနိုင်မောင်ဇော်က ဆိုသည်။
“ဒုတိယအသုတ် အနေနဲ့ကတော့ ကျွန်တော်တို့ စည်းကမ်းထိန်းသိမ်းရေးရုံးကို အင်ဒိုနီးရှားနိုင်ငံသား (၆၉)ဦး ရောက်ရှိပါပြီ။ ရောက်ရှိပြီးတော့မှ သူတို့က ထိုင်းနိုင်ငံကနေပြီးတော့ တရားမဝင် ဝင်ရောက်လာသူတွေဖြစ်တဲ့အတွက် ဘယ်လိုပုံစံမျိုးနဲ့ ဝင်ရောက်လာတာလဲဆိုတဲ့အပေါ်မှာ ဒီကနေပြီးတော့ တစ်ဦးတစ်ယောက်ချင်းကို စစ်ဆေးမှုတွေ ပြုလုပ်နေပါပြီ။ ပြီးတာနဲ့လွှဲဖို့ အစီအစဉ် လုပ်နေပါပြီ။”ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။
လက်ရှိတွင် ၎င်းတို့သည် တရားမဝင် ဝင်ရောက်သူများဖြစ်သည့်အတွက် ပြည်နှင်ဒဏ်ပေးအရေးယူခံရခြင်း ရှိသော်လည်း နိုင်ငံတော်ဘက်က ဖြည်လျော့သည့် အနေဖြင့် ပြည်နှင်ဒဏ်ပေးသည့် နေရာတွင် အထက်က ပြန်ချပေးသည့် အမိန့်အရ လွှဲပြောင်းပေးမည်ဟု ဆိုသည်။
“ရက်ကတော့ မသိရသေးပါဘူး။ အရမ်းကြာလိမ့်မယ်လို့တော့ မထင်ပါဘူး။ လူက တစ်ယောက်ချင်းကို စစ်နေရတဲ့ အခါကျတော့ ဒီဘက်က သက်ဆိုင်ရာ လဝကတို့ ရဲတပ်ဖွဲ့တို့ စရဖတို့က လာစစ်နေတော့လေ။ အခုက အင်ဒိုနီးရှားနိုင်ငံသားတွေချည်းပါပဲ။ ပြီးရင် တစ်သုတ်ပြီး တစ်သုတ်လွှတ်ပေးတော့မှာပါ။ ရှာဖွေဖော်ထုတ်ပြီးတော့မှ ရသလောက် ပို့နေမှာပါ။”ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။
ဖေဖော်ဝါရီလ (၆)ရက်နေ့က ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့ BGF ဌာနချုပ် ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံရသည့် နိုင်ငံခြားသား (၆၁)ဦးကို BGF က ပထမအကြိမ် အမှတ်(၂)တံတားမှ တဆင့် ထိုင်းနိုင်ငံ သို့ ပြန်လည်လွှဲ ပြောင်းပေးခဲ့သည်။
ပြန်ပို့ပေးသည့် နိုင်ငံခြားသား(၆၁)ဦးမှာ တရုတ်နိုင်ငံသား(၃၉)ဦး၊ အိန္ဒိယနိုင်ငံသား(၁၃)ဦး၊ ကာဇက်စတန်နိုင်ငံသားတစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၅)ဦး၊ အီသီယိုးပီးယားနိုင်ငံသား တစ်ဦး၊ ပါကစ္စတန်နိုင်ငံသား တစ်ဦးနှင့် မလေးရှားနိုင်ငံသား တစ်ဦးတို့ ပါဝင်ခဲ့သည်။
ရွှေကုက္ကိုလ်ဒေသရှိ ကျားဖြန့် (အွန်လိုင်းလိမ်လည်ဂိုဏ်း)များထံ ရောက်ရှိနေသူများအား BGF က တစ်လလျှင် လူ(၁,၀၀၀)နှုန်း ပြန်လွှဲပေးရန် စီစဉ်နေသည်။
မြဝတီဒေသရှိ ကျားဖြန့်ကိစ္စကြောင့် ထိုင်းဘက်က လျှပ်စစ်မီးနှင့် စက်သုံးဆီများ ဖြတ်တောက်လိုက်ခြင်းကို ကန့်ကွက်သည့်အနေဖြင့် စစ်ကောင်စီထောက်ခံသူများသည် ထိုင်းကုန်စည်များအား သပိတ်မှောက်သည့်အနေ ဖြင့် ဖေဖော်ဝါရီလ(၈)ရက်နေ့က မြဝတီမြို၌ ဆန္ဒပြခဲ့ကြသည်။
မြန်မာ - ထိုင်းနယ်စပ်ဒေသတလျှောက် လျှပ်စစ်မီး နှင့် စက်သုံးဆီပြန်လည် ရရှိရေးအတွက် နယ်ခြားစောင့်တပ်( Border Guard Forces - BGF) က ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းရေး လုပ်ဆောင်သွားမည်ဟု ပြောကြားထားသလို ဘုရားသုံးဆူဒေသဘက် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် ( Democratic Karen Buddhist Army - DKBA )ကလည်း ကျားဖြန့်လုပ်ငန်းများ မရှိစေရေ လုပ်ဆောင်သွားမည်ဟု အသိပေးထားပြီး တာချီလိတ်အနေဖြင့် စစ်ကောင်စီအလုံးစုံအုပ်ချုပ်ရာ ဒေသဖြစ်သည့်အတွက် စစ်တပ်နှင့်ရဲက အွန်လိုင်းလောင်းကစား များကို မဖမ်းမိက ရှောင်ထားနိုင်ရန် ကြိုတင်အသိပေးပြီးနောက် ဖေဖော်ဝါရီလ(၇)ရက်နေ့ကစပြီး ဖေဖော်ဝါရီလ(၁၀)ရက်နေ့ ညအထိ ရှာဖွေ သိမ်းဆည်းမှုများ လုပ်ဆောင်နေလျှက်ရှိသည်။