ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် ခေါင်းဆောင်(၃)ဦးကို ထိုင်းအထူး စုံစမ်းရေးဌာန(DSI)က ဖမ်းဝရမ်းထုတ်ရန် ကြိုးစားနေခြင်းသည် တဖက်သတ် စွပ်စွဲနေခြင်းသာဖြစ်သည်ဟု BGF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။
DSI က ထိုင်းနယ်စပ်ရှိ မြဝတီမြို့ဒေသအတွင်း လှုပ်ရှားနေသော BGF ကို လူမှောင်ခိုမှုနှင့် ဆက်နွှယ်ကြောင်း အထောက်အထားများအား ထိုင်းအစိုးရရှေ့နေများထံ ယမန်နေ့ ဖေဖော်ဝါရီ(၁၀)ရက်နေ့တွင် တင်ပြပြီးနောက် ယခုကဲ့သို့ သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။
“နံပါတ်တစ် အနေနဲ့က ကျွန်တော်တို့က ထိုင်းနိုင်ငံသားလည်း မဟုတ်ဘူးနော်။ နံပါတ်နှစ်က ကျွန်တော်တို့က လူကုန်ကူးတဲ့ အဆင့်လည်း မဟုတ်ဘူး။ ကျွန်တော်တို့က ကိုယ်တိုင်ကိုယ်ကျ သူများကို ငွေလိမ်တဲ့သူလည်း မဟုတ်ဘူး။ လက်ရှိ ကျွန်တော်တို့ဆီကို ရောက်လာတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက သူဟာသူ ထိုင်းကို ဖြတ်ပြီးတော့မှ သူ့ပွဲစားနဲ့သူ သူ့သဘောနဲ့သူ ရောက်လာကြတာ ဖြစ်တယ်။ ကျွန်တော့်ဆီက အကြီးအကဲတွေ ကိုယ်တိုင်ကိုယ်ကျက ဒီကိစ္စမှာ ပါဝင်ပါတ်သက်မှု မရှိတာလေ။ မရှိတဲ့အတွက်ကို ဒါတဖက်သတ်စွပ်စွဲတယ်လို့ပဲ ကျွန်တော်တို့က ထင်မြင်ပါတယ်ခဗျ။”ဟု ဗိုလ်မှူးနိုင်မောင်ဇော်က Tachileik News Agency ကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် ပြောသည်။
DSI က ပေးပို့သည့် အထောက်အထားများအား အခြေခံပြီး BGF ခေါင်းဆောင်များဖြစ်သော ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုတိယ ဗိုလ်မှူးကြီး စောမုတ်သုန်၊ ဗိုလ်မှူး စောတင်ဝင်းတို့ကို ဖမ်းဝရမ်းထုတ်နိုင်ရေး ညှိနှိုင်းဆွေးနွေးရန် စီစဉ်ထားကြောင်း Thai Enquirer သတင်းဌာနက ဖော်ပြသည်။
နယ်ခြားစောင့်တပ်( Border Guard Forces - BGF) ဒေသ၌ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)လုပ်ငန်းများတွင် အဓမ္မခိုင်းစေခံရသော အိန္ဒိယနိုင်ငံသားများကို ကယ်ဆယ်ပြီးနောက် DSI အရာရှိများက BGF ခေါင်းဆောင်များအပေါ် ဖမ်းဝရမ်းထုတ်နိုင်မည့် အမှုကို တည်ဆောက်နေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ထိုင်းအစိုးရက မြန်မာနယ်စပ်ဘက်တွင် တရုတ်ဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်းများ မလည်ပတ်နိုင်ရန်အတွက် ဟုဆိုကာ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ကစပြီး မြဝတီ၊ တာချီလိတ်နှင့် ဘုရားသုံးဆူဒေသများကို လျှပ် စစ်မီးနှင့် စက်သုံးဆီများအား ကန့်သတ်ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။