စစ်ကောင်စီ၏ ချင်းမိုင် ကောင်စစ်ဝန်ချုပ်နှင့် ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူးတို့ ချင်းရိုင်း-တာချီလိတ်-ကျိုင်းတုံ ကုန်သွယ်ရေးဆွေးနွေး

စစ်ကောင်စီ၏ ချင်းမိုင် ကောင်စစ်ဝန်ချုပ်နှင့် ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူးတို့ ချင်းရိုင်း-တာချီလိတ်-ကျိုင်းတုံ ကုန်သွယ်ရေးဆွေးနွေး

စစ်ကောင်စီ၏ ထိုင်းနိုင်ငံ ချင်းမိုင် ကောင်စစ်ဝန်ချုပ်နှင့် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူးတို့ ချင်းရိုင်း-တာချီလိတ်-ကျိုင်းတုံ အဝေးပြေးလမ်းမကြီး ကုန်သွယ်ရေးကိစ္စကို ဆွေးနွေးသည်ဟု စစ်ကောင်စီဘက်က ယနေ့ဖော်ပြသည်။

ဇွန်လ(၂၁)ရက်နေ့တွင် စစ်ကောင်စီ၏ ချင်းမိုင်မြို့ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး Mr.Phutthiphong Sirimatနှင့်လည်းကောင်း၊ ဇွန်လ(၂၂)ရက်နေ့တွင် မယ်ဆိုင်မြို့၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၁)နှင့် (၂)၏ ခရိုင်အဆင့် အကောက်ခွန်ဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနတို့နှင့် လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့သည်ဟု ဆိုသည်။

ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံစဉ် ချင်းရိုင်း-တာချီလိတ်-ကျိုင်းတုံ အဝေးပြေးလမ်းမကြီးသည် အမှတ်(၂) အာရှအဝေးပြေးလမ်းမကြီးအား နယ်စပ်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေးကိစ္စ၊ နှစ်နိုင်ငံ နယ်စပ်ကုန်သည်ကြီးအသင်းများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ ချင်းရိုင်းခရိုင်အတွင်းရှိ ချင်းရိုင်းမြို့တွင် ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများနှင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကိစ္စတို့ကို ဆွေးနွေးသည်ဟု ဆိုသည်။

ထို့အပြင် ထိုင်းနိုင်ငံဘက်အခြမ်းရှိ ထိုင်း-မြန်မာ အမှတ် (၁)နှင့် (၂) ချစ်ကြည်ရေးတံတားများသို့ သွားရောက်၍ ထိုင်းနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ အကောက်ခွန်ဌာနတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တံတားများမှတစ်ဆင့် လူဝင်၊ ထွက်နှင့် ကုန်စည်စီးဆင်းနေမှု အခြေအနေများကို ကြည့်ရှုခဲ့သည်ဟု ဖော်ပြသည်။

#TachileikNewsAgency

Photo: Ministry of Foreign Affairs Myanmar