ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ ထိန်းချုပ်ထားသော မူဆယ်မြို့ရှိ နန်းတော်နယ်စပ်ဂိတ်တွင် တစ်ပတ်ကဒ် ကိုင်ဆောင်သော အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းရှိ လူငယ်များကို စစ်ကောင်စီနှင့် တရုတ်ရဲများက တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့် ပိတ်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီနှင့် တရုတ်ရဲများသည် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ကစတင်ကာ နန်းတော်ဂိတ်မှ တရုတ်နိုင်ငံသို့ သွားမည့်သူများထဲက အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းရှိ လူငယ်များကို ပိတ်ပင်ကန့်သတ်လိုက်ခြင်းဖြစ်ပြီး စာအုပ်အနီကိုင်ဆောင်သူနှင့် တစ်ပတ်ကဒ်ကိုင်ဆောင်သူ တခြားအသက်အရွယ်များကို မှတ်ပုံတင်၊ စမတ်ကဒ်တို့ဖြင့် ဝင်၊ ထွက်ခွင့်ပြုထားသည်ဟု ဆိုသည်။
“တစ်ပတ်ကဒ်တွေပဲ။ အသက်(၁၈)နှစ်ကနေ (၃၅)နှစ်အတွင်း လူငယ်တွေကို စစ်ကောင်စီကရော တရုတ်ဘက်ကပါ ပေးမဝင်တော့ဘူး။ ဝင်မယ်ဆိုရင်တောင် သက်ဆိုင်ရာဘက်က ထောက်ခံပေးမှ ဝင်လို့ရတယ်။ နှစ်ဖက်တိုင်ပင်ထားတာနဲ့တူတယ်။ မြန်မာစစ်တပ်ဘက်နဲ့ တရုတ်ရဲဘက် တိုင်ပင်ထားတာဖြစ်မယ်။ အရင်ကတော့ အခုလို ကန့်သတ်တာတွေမရှိဘူး။”ဟု မူဆယ်မြို့ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ရေးရှုံးနှိမ့်လာမှုကြောင့် ပြည်တွင်း၌ စစ်မှုထမ်းတပ်သားသစ်များလိုအပ်လာသည့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် လူငယ်များ တရုတ်ဘက်သို့ မတိမ်းရှောင်နိုင်ရန် စစ်ကောင်စီတပ်နှင့် တရုတ်ရဲတို့ပေါင်းကာ ကန့်သတ်လိုက်ခြင်းဖြစ်နိုင်သည်ဟုလည်း ဒေသခံများက မှတ်ချက်ပြုသည်။
ဒေသခံတစ်ဦးကလည်း Tachileik News Agency ကို အတည်ပြုရာတွင် အမျိုးသမီးဖြစ်ပါက အသက်(၂၇)နှစ် အောက်နှင့် အမျိုးသားဖြစ်ပါက အသက်(၃၅)နှစ်အောက်ကို တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်ခွင့်မပြုဘဲ ကန့်သတ်ထားသည်ဟု ဆိုသည်။
“နန်းတော်ဂိတ်ကော၊ ဆင်ဖြူဂိတ်ကိုကော ကန့်သတ်လိုက်တယ်။ တရုတ်ထဲကိုဝင်ဖို့ ကန့်သတ်တာ။ တရုတ်ဘက်ကနေ အထွက်ကို မကန့်သတ်ဘူး။ စာအုပ်အနီတွေကိုတော့ မကန့်သတ်ဘူး။ တစ်ပတ်ကဒ်တွေကိုပဲ ကန့်သတ်တာ။ တရုတ်ဘက်ကို ဝင်လာတာ အရမ်းများသွားလို့။”ဟု မူဆယ်မြို့ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
မူဆယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်များကို တရုတ်ဘက်က ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်သည်။
မူဆယ်မြို့ရှိ ဆင်ဖြူနယ်စပ်ဂိတ်မှာ ပစ္စည်းအဝင်၊ အထွက် ပြုလုပ်ပြီး နန်းတော်နယ်စပ်ဂိတ်မှာ လူအဝင်၊ အထွက်ပြုလုပ်သည်။
၂၀၂၇ စစ်ဆင်ရေးတွင် မူဆယ်မြို့အနီးရှိ မြို့များအားလုံးနှင့် နယ်စပ်ဂိတ်များကို ညီနောင်မဟာမိတ်(၃)ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီသည် မူဆယ်မြို့ကိုသာ ထိန်းချုပ်နိုင်တော့သည့် အခြေအနေဖြစ်သည်။
စစ်ကောင်စီသည် နိုင်ငံတဝှမ်းစစ်ရှုံးနေသဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဌာန်းကာ အဓမ္မတပ်သားစုဆောင်းခြင်းများပြုလုပ်နေသည်မှာ အပတ်စဉ်(၁၀)အထိ ရောက်ရှိနေပြီဖြစ်သည်။
စစ်ကောင်စီသည် အပတ်စဉ်တစ်ခုလျှင် လူဦးရေ(၄၅၀၀)ဦးနှုန်း ခေါ်ယူစစ်သင်တန်းပေး၍ ရှေ့တန်းထွက်ခိုင်းနေခြင်းကြောင့် စစ်မှုထမ်းလူငယ်များ ရှေ့တန်းတွင် သေဆုံးနေကြရသည်။
#TachileikNewsAgency
Photo:Internet (ပုံဟောင်း)