စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွား

စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွား

မကွေးတိုင်း စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားကြောင်း အမှတ်-၁ စစ်ဒေသ မင်းဘူးခရိုင် အမှတ် (၅)တပ်ရင်းမှ ၂၀၂၄ခုနှစ် ဇွန်လ (၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်၊ရဲနှင့် ပျူစောထီး ပူးပေါင်းအင်အား (၇၀) ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းအား ကံချောက်ရွာဘက်သို့မရောက်ခင်လမ်း၌ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဇွန်လ (၅) ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန်လ (၆) ရက်နေ့တွင် စစ်ကောင်စီပူးပေါင်းစစ်ကြောင်းသည် ကံချောက်ရွာ အရှေ့ဘက်မှ ချဥ်းကပ်လာချိန်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ထိပ်တိုက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းတွင် ပူးပေါင်းတပ်ဖွဲ့များဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ထို့သို့ ဆုတ်ခွာစဥ်တွင် စစ်ကောင်စီပူးပေါင်းစစ်ကြောင်းမှ ကံချောက်ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ကံချောက်ရွာအတွင်းမှ အသက် (၆၀)အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးစထိမှန်၍ နေရာတွင်သေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ (၇) ရက်နေ့တွင် စစ်​ကောင်စီစစ်ကြောင်းသည် ကံချောက်ရွာမှအနောက်မြောက်ဘက်သို့ စလင်းချောင်းပြင်အတိုင်းတက်လာစဥ် နံနက် (၆ ) နာရီတွင် မင်းဘူးခရိုင်အမှတ် (၅)တပ်ရင်းနှင့် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း မဟာမိတ်တပ်များဘက်မှ စစ်ကူရောက်ရှိလာပြီးနောက် ညနေ (၃)နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ အထိနာ၍ ပြန်လည်ဆုတ်ခွာသွားကြောင်း မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းမှ ဆိုသည်။

အဆိုပါ တိုက်ပွဲများကို မင်းဘူးခရိုင် အမှတ် (၅)တပ်ရင်း ၊ မင်းဘူးခရိုင်အမှတ် (၁)တပ်ရင်း၊ မင်းဘူးခရိုင်အမှတ် (၄)တပ်ရင်း၊ စလင်းမြို့နယ်ပကဖ၊ SLN(PDF)၊မိုးကြိုး​ပြောက်ကျား၊ မကွေးခရိုင် တပ်ရင်း (၁)၊ မကွေးတိုင်းလက်ရုံးDroneအဖွဲ့နှင့် ဒေါင်းစစ်အောင်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency