မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကနေ ဖြတ်သန်းသူများအား စစ်ဆေးရာမှ ပတ်စပိုစ့်စာအုပ်အတု (၇၀၀)ကျော် ပြုလုပ်ခဲ့ပြီး မလေးရှားအထိ ပို့ဆောင်ပေးသည့် အဖွဲ့ကို ဖော်ထုတ်ရမိ

မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကနေ ဖြတ်သန်းသူများအား စစ်ဆေးရာမှ ပတ်စပိုစ့်စာအုပ်အတု (၇၀၀)ကျော် ပြုလုပ်ခဲ့ပြီး မလေးရှားအထိ ပို့ဆောင်ပေးသည့် အဖွဲ့ကို ဖော်ထုတ်ရမိ

 မြဝတီ - မဲဆောက်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကနေ ဖြတ်သန်းသူများအား စစ်ဆေးရာမှ ပတ်စပိုစ့်စာအုပ်အတု (၇၀၀)ကျော် ပြုလုပ်ပေးခဲ့ပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးသည့် အဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးရမိကြောင်း  စစ်ကောင်စီက ဇန်နဝါရီလ(၆)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်လာသည်။

ဖြစ်စဉ်မှာ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့ နေ့လည်ပိုင်းက မြန်မာ - ထိုင်းနယ်စပ်ဒေသ မြဝတီ - မဲဆောက်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားတွင် မြဝတီကနေ မဲဆောက်သို့ ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP)ဖြင့် ထွက်ခွာမည့် မြန်မာလူငယ်(၁၁)ဦးအား စစ်ဆေးရာမှ ၎င်းတို့ထံကနေ  မြန်မာနိုင်ငံကူးလက်မှတ်(ပတ်စပိုစ့်)အတု(၁၁)အုပ်ကို စစ်ဆေးတွေ့ရှိ၍ ဆက်လက်စစ်ဆေး မေးမြန်းရာမှ  ပတ်စပိုစ့်စာအုပ်အတု ပြုလုပ်ပေးသူများကို ဖော်ထုတ်ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပတ်စပိုစ့်စာအုပ်အတု ပြုလုပ်ပေးမှုနှင့် ပတ်သက်ပြီး  ရန်ကုန်၊ ကျောက်တံတားမြို့နယ်ရှိ One Asia အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ နွယ်နီလှိုင်မင်း၊ ဗလ နှင့်  လျမ်းထက်ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းမှ ဝဏ္ဏဇော်(ခေါ်)ကိုပေါက်တို့ ဖမ်းဆီးရမိပြီးနောက် ဆက်လက်ဖော်ထုတ်မှုအရ  နိုင်ငံကူးလက်မှတ်အတုပြုလုပ်သူများဖြစ်သည့် ဂျွန်ကိုကို (ခေါ်)ဂျွန်ကိုနှင့် ၎င်း၏ဖခင်ဖြစ်သူ ထွန်းရီ၊  ညိုမင်း အပါအဝင်  အဓိက ပါဝင်သူများတွင် မလေးရှားနိုင်ငံရောက် ကျော်စွာ နှင့် မျိုးလေး(ခေါ်)ဖာရွတ် ဘန်ကောက်မြို့နေ ဇော်လင်းပိုင် ဇော်လင်းပိုင်နှင့် မြဝတီမြို့နေ သက်နန္ဒာဝင်းတို့ဖြစ်ကြောင်း ဖော်ထုတ်ရမိသည်ဟု သိရသည်။

ရန်ကုန်၊ ကျောက်တံတားမြို့နယ်ရှိ  One Asia အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ နှင့် လျမ်းထက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတို့က ပတ်စပိုစ့်စာအုပ်အတု အပါအဝင် မလေးရှားနိုင်ငံအရောက် တစ်ဦးလျှင် ငွေကျပ်သိန်း(၇၀)မှ (၈၀)အထိ ရယူပြီး ဆောင်ရွက်ပေးသည်ဟု သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင်  One Asia အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ နွယ်နီလှိုင်မင်း၊ ခင်မောင်ရွှေ(ခ)ဗလ၊ လျမ်းထက်ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းမှ ဝဏ္ဏဇော်(ခေါ်)ကိုပေါက်၊ ပတ်စပိုစ့် စာအုပ်အတု ပြုလုပ်ပေးသည့် ညိုမင်း၊  ဂျွန်ကိုကို (ခေါ်)ဂျွန်ကို၊ ထွန်းရီ အပါအဝင်   စန်းဝင်း(ခေါ်)ရဖီး နှင့် သန့်ဇင်ဦးတို့ (၈)ဦးအား ဖမ်းမိထားကြောင်း သိရသည်။

ပတ်စပိုစ့်စာအုပ်အတု ပြုလုပ်ပေးသူများဖြစ်သည့် ညိုမင်း၊  ဂျွန်ကိုကို (ခေါ်)ဂျွန်ကို၊ ထွန်းရီ၊ စန်းဝင်း(ခေါ်)ရဖီး နှင့် သန့်ဇင်ဦး တို့ (၅)ဦးအား ရာဇသတ်ကြီးပုဒ်မ ၄၃၀/၄၆၈/၁၀၉ ဖြင့် လည်းကောင်း၊ One Asia အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ နွယ်နီလှိုင်မင်း၊ ခင်မောင်ရွှေ(ခ)ဗလ၊ လျမ်းထက်ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းမှ ဝဏ္ဏဇော်(ခေါ်)ကိုပေါက် နှင့် ညိုမင်းတို့အား ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈/၁၀၉ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်ထားကြောင်း သိရသည်။

#TachileikNewsAgency