တိုက်ပွဲဖြစ်နေသည့် မတ္တရာမြို့နယ်ကို စစ်ကောင်စီက အင်အားရာချီစစ်ကူပို့

တိုက်ပွဲဖြစ်နေသည့် မတ္တရာမြို့နယ်ကို စစ်ကောင်စီက အင်အားရာချီစစ်ကူပို့

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၅)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲပြင်းထန်နေသဖြင့် စစ်ကောင်စီတပ်က အင်အား(၅၀၀)ကျော် စစ်ကူစေလွှတ်လိုက်ကြောင်း မျက်မြင်တွေ့သည့် ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် ပထမအကြိမ်တွင် တပ်သားအင်အား(၅၀၀)ဝန်းကျင်ကို စစ်ကူစေလွှတ်ထားပြီး ယနေ့ နေ့လယ် (၁၂)နာရီကျော်တွင် စစ်ကား အစီး(၂၀)ဖြင့် အင်္ကြင်းမြိုင်ဘက်သို့ စစ်ကူထပ်ပို့ကာ လေယာဉ်များလည်း ပျံဝဲနေသည်ဟု ဒေသခံများက ဆိုသည်။

“မတ္တရာမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေက အများကြီးပဲလေ။ အဲဒီနေရာတွေကနေဖြည့်တာလို့ သိထားရတယ်။ မတ္တရာ-မိုးကုတ်လမ်းမှာတင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အများကြီးပဲ။ မနက်ပိုင်းကတော့ တိုက်လေယာဉ်နဲ့ (၃)ကြိမ်ကြဲသွားတယ်။ မနက်(၅)နာရီလောက်ကတည်းက ဖြစ်နေတာ။ အင်အား(၅၀၀)ဝန်းကျင်လောက်ရှိမယ်။ တောက်လျောက်အင်အားတွေပို့နေတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်သည် မတ္တရာမြို့ဝင်၊ မြို့အထွက်တို့ကို ပိတ်ဆို့ထားပြီး ကျေးရွာများတွင်လည်း (၅)နေရာထက်မနည်း ယခင်ကတည်းက တပ်စွဲနေသည့်အပြင် လက်ရှိတွင်လည်း အိမ်စီးကား၊ လူနာတင်ယာဉ်နှင့် ဖောကားများဖြင့် မတ္တရာအရှေ့ခြမ်းကို စစ်ကူပို့နေသည်ဟု ဆိုသည်။

“တိုက်ပွဲဖြစ်နေတာက အင်္ကြင်းမြိုင်တစ်နေရာတည်းမဟုတ်ဘူး။ မန္တလေး-မတ္တရာ-မိုးကုတ်လမ်းပေါ်မှာလည်း ဖြစ်နေတာ။ သဇင်လမ်းခွဲမှာလည်း စစ်ကောင်စီယာဉ် မိုင်းဆွဲခံရတယ်။ မတ္တရာ-မန္တလေးလမ်းပေါ်မှာ စကစတပ်တွေ အထိုင်ချထားတဲ့ ကျောက်တံတားရွာရှိတယ်။ အဲဒီမှာ လမ်းပေါ်သွားလာနေသူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတာတွေရှိတယ်။ သွားလာနေတဲ့ ပြည်သူတွေရဲ့ကားတွေကိုပါ ချောဆွဲထားတယ်။ အဲဒီနားမှာ အင်အားချထားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါအင်အားချထားသည့်နေရာသည် မန္တလေးအဝင်လမ်းဖြစ်ပြီး ကျောက်တံတားရွာအနီးတွင်ပင် စစ်ကောင်စီတပ်က စစ်ကား(၁၀)စီးကျော်အထိုင်ချထားသည်ကိုတွေ့ရကြောင်းနှင့် တံငှါသည်ရွာတွင်လည်း ဖောကား(၂)စီး အပါအဝင် စစ်ကား(၃)စီးခန့်ရှိနေကြောင်း ဒေသခံများကဆိုသည်။

ရှမ်းမြောက်တိုက်ပွဲစတင်ချိန်တွင် မတ္တရာဘက်တွင်လည်း တပြိုင်တည်းတိုက်ပွဲစတင်ခဲ့ကာ စစ်ကောင်စီသည်  မတ္တရာမြို့၊ ဆည်တော်ကြီး၊ အင်ကြင်းမြိုင်ကျေးရွာပတ်ဝန်းကျင်တို့ကို လေကြောင်းမှဗုံးကြဲပြီး မန္တလေးရှိ (၉၅)တပ်ရင်း၊ လက်နက်ခဲယမ်းတပ်များအပြင် မန္တလေးမှဆင်းသည့် စစ်မှုထမ်းများကိုလည်း မတ္တရာဘက်သို့ ပို့ဆောင်နေသည်ဟုလည်း သိရသည်။

တိုက်ပွဲအခြေအနေကြောင့် မန္တလေး-မိုးကုတ်ကားလမ်းနှင့် မန္တလေး-မြစ်ကြီးနားကားလမ်းကို ဇွန်လ(၂၅)ရက်နေ့ မှစတင်ကာ ည(၇)နာရီမှ နံနက်(၆)နာရီအတွင်း အသုံးပြုသွားလာခြင်းမပြုလုပ်ကြရန်၊ သတ်မှတ်ထားသောအချိန်အတွင်း ခရီးသွားပါက မှန်ချမောင်းနှင်ရန်၊ စစ်ကောင်စီယာဉ်များနှင့် အနီးကပ်နေခြင်းမပြုလုပ်ရန်၊ လမ်းခရီးတွင် တိုက်ပွဲဖြစ်နေပါက ဘေးကင်းရာတွင် ယာဉ်များရပ်နားထားရန် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency