၂၀၂၅ မြန်မာ အတာသင်္ကြန်အတွက် ဂျာမနီ၊ နောဒစ်အိမ်တော်၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်သံရုံးတို့က ဆုတောင်းစကားပို့

၂၀၂၅ မြန်မာ အတာသင်္ကြန်အတွက် ဂျာမနီ၊ နောဒစ်အိမ်တော်၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်သံရုံးတို့က ဆုတောင်းစကားပို့
ဧပြီ 14, 2025 | အခြားဒေသများ

နိုင်ငံရေးမငြိမ်သက်မှု၊ စစ်ပွဲများကြား အကြီးအကျယ် ထိခိုက်နစ်နာနေရချိန် ငလျင်အဖြစ်ဆိုး ထပ်ဆင့်ခံစားရသည့် မြန်မာပြည်သူများ၏ ၂၀၂၅ သင်္ကြန်ကာလအတွက် မြန်မာနိုင်ငံဆိုင်ရာ သံရုံးအချို့မှတစ်ဆင့် မြန်မာပြည်သူများအား ဆုတောင်းပေးပို့ထားကြသည်ကို တွေ့ရသည်။

"ဥရောပသမဂ္ဂအနေနဲ့ မကြာခင်ကအဖြစ်အပျက်တွေကြောင့် လာမည့်သင်္ကြန်မှာ ချစ်ရသူတွေနဲ့အတူ နှစ်သစ်ကို မကြိုဆိုနိုင်တော့တဲ့သူတွေအတွက် သူတို့နဲ့ ထပ်တူ ကြေကွဲဝမ်းနည်းမိကြောင်း ဖော်ပြလိုပါတယ်။ ဥရောပသမဂ္ဂဟာ ၁၉၉၆ ခုနှစ်မှ စတင်၍ မြန်မာပြည်သူများနဲ့အတူ ရပ်တည်ခဲ့ပြီး နောင်တွင်လည်း ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ဆုံးရှုံးခဲ့ရတဲ့ဘဝတွေကို သတိရရှိနေပြီး ပိုမိုကောင်းမွန်တောက်ပသော အနာဂတ်အတွက် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ပံ့ပိုးပေးသွားဖို့ ကတိပြုပါတယ်။"ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂက ဧပြီလ (၁၃)ရက်နေ့တွင် ဖေါ်ပြသည်။

ဂျာမနီနိုင်ငံကလည်း "မဟာသင်္ကြန်ဆိုတာ မြန်မာပြည်သူပြည်သားတွေအတွက် ကြီးကျယ်ခမ်းနားတဲ့ ရိုးရာပွဲတော်တစ်ခုပါ။ သို့ပေမယ့် ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ဆိုးရွားလှတဲ့ ငလျင်ကြီးဟာ ခုလိုမြန်မာတို့ရဲ့ ပျော်ရွှင်စရာပွဲတော်ကို လွှမ်းမိုးထားလိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကျွန်တော့်ရဲ့မှတ်ဉာဏ်ထဲမှာ ဖျောက်ဖျက်မရတဲ့ အမှတ်အသားတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပြီး ချစ်ရသူတွေ၊ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို မျက်စိတစ်မှိတ်အတွင်း ဆုံးရှုံးခဲ့ရသူများအားလုံးကို အလေးအနက်ထား ကိုယ်ချင်းစာမိရကြောင်း ဖော်ပြလိုပါတယ်။ ဂျာမနီက ကျွန်တော်တို့ရဲ့နိုင်ငံတကာနဲ့ ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းတွေကနေတဆင့် နောက်ထပ်ရန်ပုံငွေများနဲ့ လိုအပ်သောပံ့ပိုးမှုတွေကို အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်ပေးနေပါတယ်။

 

နိုင်ငံရေးမငြိမ်မသက်မှုတွေနဲ့ စစ်ပွဲတွေကြောင့် အကြီးအကျယ် ထိခိုက်နစ်နာနေခဲ့ရတဲ့ အချိန်အခါမှာ ဒီငလျင်အဖြစ်ဆိုးဟာ မြန်မာပြည်သူတွေအတွက်  ထပ်ဆင့်ဖြစ်ပေါ်လာတာပါ။သို့သော် ဗုဒ္ဓဘာသာတို့ရဲ့ နှစ်သစ်ကို အထိမ်းအမှတ်ပြုကြိုဆိုတဲ့ သင်္ကြန်ဟာ မကြာခင် စတင်လာတော့မှာဖြစ်ပါတယ်။ မြန်မာလူမျိုးတွေဟာ ၎င်းတို့ရဲ့ ကရုဏာ၊ စေတနာနှင့် ခံနိုင်ရည်ရှိမှုတွေကြောင့် လူသိများကြပြီး ဒီအရည်အချင်းတွေကပဲ ခက်ခဲသောကာလတွေကို ဖြတ်သန်းစေနိုင်မှာဖြစ်ပါတယ်။ မြန်မာ့နှစ်သစ်ကူးအခါသမယမှာ မြန်မာပြည်တွင်း နေထိုင်ကြသူများအားလုံး ပြန်လည်ထူထောင်ရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အမြန်ဆုံးရောက်ရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။"ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး၏ သံရုံးအကြီးအကဲ သီရိုကီးဒက်စ်က ဧပြီလ (၁၃)ရက်နေ့တွင် ဖေါ်ပြထားသည်။

"ရန်ကုန်မြို့ နောဒစ်အိမ်တော်ရှိ မြန်မာနိုင်ငံဆိုင်ရာသံရုံးများသည် ယခုလိုခက်ခဲသော အချိန်ကာလကို ဖြတ်သန်းလျက်ရှိသော မြန်မာနိုင်ငံသူနိုင်ငံသားများနှင့် အတူရှိနေပါသည်။ လာမည့်မြန်မာနှစ်သစ်တွင် မြန်မာနိုင်ငံသူ နိုင်ငံသားများ ဘေးအန္တရာယ်ကင်းရှင်း၍ ခွန်အားသစ်များနှင့် စတင်နိုင်ရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။"မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်၊ နော်ဝေ၊ ဖင်လန်နှင့် ဆွီဒင်သံရုံးက ဧပြီလ (၁၁)ရက်နေ့တွင် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ၂၀၂၅ မြန်မာသင်္ကြန်ကာလကို ဓါတ်ပုံတစ်ပုံဖြင့် ဧပြီလ (၁၂)ရက်နေ့တွင် ဖေါ်ပြထားသည်။

#TachileikNewsAgency