မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီးနောက် မလေးရှားနိုင်ငံအထိ သွားရောက်နိုင်ရန် ပွဲစားထံ ဘတ်(၂၅,၀၀၀)အထိ ပေးရသည့် မြန်မာ(၁၉)ဦးသည် စက်လှေဖြင့် ဖြတ်ကူးစဉ် ထိုင်းစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း သိရသည်။
မြန်မာနိုင်ငံသား (၁၉)ဦးကို တင်ဆောင်လာသည့် စက်လှေတစ်စီးအား မြန်မာ - ထိုင်းနယ်စပ် ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်အတွင်း ဝမ်ကကျေးရွာအနီး ရန်တီမြစ်ချောင်းတွင် ရေကင်းလှည့်အဖွဲ့က ဖမ်းမိခြင်းဖြစ်ကြောင်း ထိုင်းစစ်တပ်ဘက်က ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ဖမ်းခံရသည့် မြန်မာနိုင်ငံသား (၁၉)ဦးတွင် ကလေးငယ်တစ်ဦး ပါဝင်ပြီး ပို့ဆောင်ပေးသည့် စက်လှေသမား ထိုင်းနိုင်ငံသား (၂)ဦး အပါအဝင် (၂၁)ဦး ဖမ်းခံရခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းခံရသူများ၏ ထွက်ဆိုချက်အရ ပွဲစားများက ကုန်းကြောင်းမှ ရေကြောင်း၊ ရေကြောင်းမှ ကုန်းကြောင်းဖြင့် အဆင့်ဆင့်သွားနိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်ပြီး တစ်ဦးလျှင် အနည်းဆုံး ထိုင်းဘတ်ငွေ (၁၅,၀၀၀)မှ ဘတ်(၂၅,၀၀၀)အထိ ပေးရသည်ဟု သိရသည်။
ဖမ်းဆီးရေးအဖွဲ့က မြန်မာနိုင်ငံသား(၁၉)ဦးနှင့် စက်လှေသမားတို့ကို ဆောင်ခလာဘူရီရဲစခန်းသို့ ပို့ဆောင်ကာ အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။
ထိုင်းစစ်တပ်၏ အမှတ်(၉)ခြေမြန်တပ်မမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် မြန်မာ(၁၉)ဦး ဖမ်းမိရာ ရန်တီမြစ်ချောင်း တလျှောက်ကို ဆက်လက် ကင်းလှည့်မှုများ ပြုလုပ်နေပြီး ၎င်းတို့၏ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုများမရှိစေရေး ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း အသိပေးထားသည်။
ထိုင်းနိုင်ငံအတွင်းသို့ အလုပ် လုပ်ကိုင်ရန် နှင့် ထိုင်းနိုင်ငံမှ တဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် နည်းလမ်းများဖြင့် သွားရောက်ကြသည့် မြန်မာနိုင်ငံသား အများအပြားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စပြီး နေ့စဉ် နီးပါး ဖမ်းဆီးခံရမှုများရှိနေသည်ကိုလည်း ထိုင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။