မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ကို ထိုင်းဘက်မှ စက်သုံးဆီတင်သွင်းခွင့် ပိတ်ပင်ထားချိန်မှာပင် ပြည်တွင်းမှ ဆီတင်ပို့ပါ ထပ်မံ တားဆီးခံထားရကြောင်း သိရသည်။
“ရန်ကုန်ဘက်က တရုတ်ဆီ(စက်သုံးဆီ) တင်တာကိုလည်း လမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေက ဖမ်းတယ်လေ။ ထိုင်းဘက်က ပိတ်တဲ့အချိန်မှာပဲ ပြည်တွင်းဘက်ကလည်း အဝင်မခံဘူး။ အဲဒီတော့ ဒီမှာလတ်တလော ဟိုဘက်ကမ်းကူးပြီး ကားတွေ ဆီသွားထည့်တာပဲ လုပ်လို့ရတာပေါ့။ ဒီဘက်က ဆီဆိုင်တွေကတော့ အဲဒီနေ့ကတည်းက တစ်စီးကို သုံးသောင်းဖိုးနဲ့ သတ်မှတ် အရေအတွက်နဲ့ ရောင်းပေးနေတယ်။ ဟိုဘက်ကမ်းကို ကားတွေနဲ့ သွားထည့်ရတယ်။ ဆီဈေးက မှောင်ခိုဈေးဖြစ်သွားပြီ။ ကြိုက်ရောင်းကြိုက်ဝယ်ပဲ။”ဟု မြဝတီဒေသခံ ဦးလင်းက Tachileik News Agency ကို ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ပြောသည်။
မြဝတီသို့ စက်သုံးဆီသယ်လာသည့် ကားများကို ဇာသပြင်တံတား၊ သံလွင်တံတား၊ တောင်ကလေး၊ ဂျိုင်းတံတား၊ အဖွဲ့စုံဂိတ်တို့တွင် အားလုံး ဖမ်းဆီးနေကြောင်း အဆိုပါ လမ်းပိုင်းကို အသုံးပြုနေသည့် ကုန်သည်တစ်ဦးက ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့တွင် အတည်ပြုထားသည်။
ထိုင်းနိုင်ငံက ကျားဖြန့်ဂိုဏ်းများ နှိမ်နှင်းရေးအကြောင်းပြချက်ဖြင့် ဖေဖေါ်ဝါရီလ (၅)ရက်နေ့မှစ၍ မြဝတီ၊ ဘုရားသုံးဆူနှင့် တာချီလိတ်မြို့များသို့ ပေးပို့နေသည့် လျှပ်စစ်ဓါတ်အားနှင့် စက်သုံးဆီ တင်ပို့မှုကို ဖြတ်တောက်လိုက်ခြင်းဖြစ်ပြီး ယင်းသို့ လုပ်ဆောင်မည့် အကြောင်းကိုလည်း မြန်မာစစ်ကောင်စီ တာဝန်ရှိသူများထံ ဆက်သွယ်အသိပေးခဲ့သော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ခြင်းမရှိကြောင်း ထိုင်းအစိုးရက သတင်းထုတ်ပြန်သည်။
ယင်းသို့ ထိုင်းနယ်စပ်မှ စက်သုံးဆီ ဖြတ်တောက်ချိန်မှာပင် မြဝတီမြို့တွင်းသို့ ပြည်တွင်း အခြားဒေသများမှ စက်သုံးဆီတင်ပို့မှုကိုလည်း စစ်ကောင်စီက တားမြစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
“ဟိုဘက်က ပိတ်တဲ့အချိန်မှာပဲ ဒီဘက်ကလည်း ပိတ်ထားတယ်ဆိုတော့ ဘာလုပ်ချင်တာလဲတော့ မသိဘူး။ အခုကတော့ ဒီဇယ်မရှိတော့ ကားကြီး(ကုန်တင်ယာဉ်)တွေလည်း ဆင်းမရတော့ဘူး။ ကားတွေ ဆင်းမရတော့ ကုမ္ပဏီတွေလည်း အလုပ် မရှိသလောက်ပဲ။ ကာလကလည်း ဘယ်လောက်ကြာမလဲ ဘာဖြစ်မလဲမသိဘူး။”ဟု မြဝတီမြို့ခံတစ်ဦးက ဆိုသည်။
ထိုင်းဘက်ကလည်း မြန်မာဘက်မှ မော်တော်ယာဉ်များ စက်သုံးဆီလာဖြည့်သည်ကို လက်ခံသော်လည်း ပုံးများဖြင့် သယ်ယူခွင့်မပေးသည့်အပြင် မြန်မာဘက်ကို နည်းလမ်းမျိုးစုံဖြင့် စက်သုံးဆီ မှောင်ခိုတင်သွင်းခြင်းကို တင်းကြပ်စွာ တားဆီးအရေးယူနေသည်ကို တွေ့ရသည်။
ထိုင်းနယ်စပ်မှ လျှပ်စစ်မီး၊ အင်တာနက်လိုင်းနှင့် စက်သုံးဆီ ဖြတ်တောက်ထားသည့်နည်းတူ ဆိုလာများ တင်သွင်းမှုကိုပါ တားဆီးထားသဖြင့် ဒေသတွင်း အခက်အခဲများစွာ ဖြစ်နေကြခြင်းဖြစ်သည်။
မြဝတီမြို့၏ လက်ရှိအခက်အခဲများနှင့် ပတ်သက်၍ ထိုင်းဘက်မှ ဖြေလျှော့ပေးရန် မြဝတီကုန်သည်ကြီးများအသင်းက အသနားခံစာ ပေးပို့ထားပြီး BGF ကလည်း နှစ်နိုင်ငံ အရှည်သဖြင့် ဆက်ဆံခဲ့သည်ကို ထောက်ထား၍ ဒေသခံများအတွက် ဖြေလျှော့ပေးရန် ထိုင်းဘက်သို့ ပြောထားသည်ကို တွေ့ရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီက လက်ရှိအချိန်ထိ မည်သည့် လုပ်ဆောင်ချက်မှ လုပ်ဆောင်သည်ကို မတွေ့ရသေးသော်လည်း ထိုင်းဘက်ကို တုံ့ပြန်သည့် အနေဖြင့် နယ်စပ်တံတားပိတ်ရန်နှင့် ထိုင်းထုတ်ကုန် သပိတ်မှောက်ရန် ဆန္ဒပြကြသူများကို စစ်ကောင်စီ တာဝန်ရှိသူများက ခွင့်ပြုချက်ပေးခဲ့သည်ကို တွေ့ရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံက မြဝတီ - မဲဆောက် ဆက်သွယ်ထားသည့် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား (၁)နှင့် (၂)ကို ပေးထားသည့် လျှပ်စစ်မီးမှလွဲ၍ တစ်မြို့နယ်လုံးကို ဖြတ်တောက်ထားသည့်အပြင် ထိုင်းအင်တာနက်လိုင်းလည်း ဖြတ်တောက်ထားကြောင်း သိရသည်။