BGF ၏ ထိန်းချုပ်နယ်မြေအတွင်းမှ ဖမ်းမိသည့် နိုင်ငံခြားသားများကို တစ်ပတ်လျှင် (၃)ကြိမ် လွှဲပြောင်းပေးသွားမည်ဟုဆို

BGF ၏ ထိန်းချုပ်နယ်မြေအတွင်းမှ ဖမ်းမိသည့် နိုင်ငံခြားသားများကို တစ်ပတ်လျှင် (၃)ကြိမ် လွှဲပြောင်းပေးသွားမည်ဟုဆို

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ထိန်းချုပ်ဒေသတွင်းမှ ကျားဖြန့်လုပ်ငန်းနှင့်ဆက်စပ် ဖမ်းဆီးရမိထားသည့် နိုင်ငံခြားသားများကို တစ်ပတ်လျှင် (၃)ကြိမ် လွှဲပြောင်းသွားရန် စီစဉ်ထားကြောင်း နှင့် ယခု အပတ်တွင် လွှဲပြောင်းစာရင်း တရုတ်နိုင်ငံသား (၈၀၀)ကျော် ရှိကြောင်း သိရသည်။

“မနေ့ကလည်း ပို့တယ်။ ဒီနေ့လည်း ပို့တယ်။ မနက်ဖြန်လည်း ထပ်ရှိပါဦးမယ်။ တစ်ပတ်မှာ (၃)ရက်ပုံမှန် ပို့ဖို့ စီစဉ်ထားတယ်။”ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က Tachileik News Agency ကို မတ်လ(၂၀)ရက်နေ့တွင် ပြောသည်။

တရုတ်နိုင်ငံသား(၃၇၉)ဦးကို ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၀)ရက်နေ့တွင် လွှဲပြောင်းပေးလိုက်ပြီး ဆက်လက်၍ မတ်လ(၂၁)ရက်နေ့တွင်လည်း  (၁၀၀)ကျော်ကို ထပ်မံလွှဲပြောင်းပေးမည်ဟု ၎င်းက ဆိုသည်။

ယမန်နေ့က တရုတ်နိုင်ငံသား(၃၈၀)ဦး နှင့် ယနေ့နံနက်(၇)နာရီတွင် တရုတ်နိုင်ငံသား(၃၇၉)ဦးကို မြဝတီအမှတ်(၂) ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပို့ဆောင်ပြီးနောက် တရုတ်နိုင်ငံဘက်က လေယာဉ်ဖြင့် လာ ရောက်ခေါ်ဆောင်သွားသည်ဟု သိရသည်။

 မြဝတီဒေသတွင် ကျားဖြန့်လုပ်ငန်းနှင့်ဆက်စပ်၍ နိုင်ငံခြားသား(၈,၀၀၀)ကျော်ကို BGF က ဖမ်းဆီးပြီးနောက် ယနေ့အထိ တရုတ်နိုင်ငံသား(၃,၆၆၄)ဦး အပါအဝင် နိုင်ငံခြားသား(၄,၈၉၀)ဦးကို ပြန်လည် လွှဲပြောင်းပေးလိုက်ပြီး ဖြစ်သည်ဟု ဆိုသည်။

BGF က ထိန်းသိမ်းထားသည့် နိုင်ငံခြားသားများမှာ နိုင်ငံပေါင်း(၃၂)နိုင်ငံမှဖြစ်ပြီး တရုတ်နိုင်ငံသား (၁,၄၀၀)ကျော် ကျန်ရှိနေသေးသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့မှ မတ်လ(၁၉)ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း(၇,၃၆၃)ဦးကို ထိန်းသိမ်းခဲ့ပြီး ၎င်းတို့အနက် မှ(၄,၅၇၁)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လွှဲပြီးဖြစ်သည်ဟု ဖော်ပြသည်။

ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၂,၇၉၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဟုလည်း ဆိုသည်။