ပေါ်တာဆွဲခံရ၍ စစ်မှုထမ်းရသူ ၄ ဦး KNLA ထံ လက်နက်အပ် ခိုလှုံ

ပေါ်တာဆွဲခံရ၍ စစ်မှုထမ်းရသူ ၄ ဦး KNLA ထံ လက်နက်အပ် ခိုလှုံ

ပေါ်တာဆွဲပြီး အတင်းအဓ္မစုဆောင်းထားသည့် ပြည်သူ့စစ်မှုထမ်း စစ်သား (၄)ဦး လယ်ဒိုမြို့နယ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ထံသို့ လက်နက်အပ် ခိုလှုံလာသည်ဟု သိရသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် စစ်ကောင်စီတပ် ခမရ(၅၈၄)တပ်ရင်းမှ ဒုတပ်ကြပ် ညီညီလွင်၊ ကိုမြင့်ဝင်း၊ မျိုးမင်းသက်နှင့် စောအေးဖရေ တို့ (၄)ဦးသည် လက်နက်များ ယူဆောင်လာပြီး ခိုလှုံလာခြင်းဖြစ်သည်ဟု သိရသည်။ 

၎င်းတို့ (၄)ဦးမှာ ပေါ်တာဆွဲခံခဲ့ရပြီး ပြည်သူစစ်မှုထမ်းအဖြစ် ၎င်းတို့၏ ဆန္ဒမပါဝင်ဘဲ စစ်ကောင်စီတပ်၏ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းကို ခံခဲ့ရသူများဖြစ်သည်ဟု သိရသည်။ 

လက်နက်ချ အလင်းဝင်စဉ်တွင်လည်း ၎င်းတို့နှင့်အတူ MA-4 တွဲပစ် လောင်ချာ (၁)လက်၊ MA-1 (၂)လက်၊ ကျည် (၇၅)တောင့် နှင့် ကျည်ဘောက် (၃)ဘောက်တို့ကို ယူဆောင်လာသည်ဟု သိရသည်။ 

လက်နက်အပ် ခိုလှုံလာသူ (၄)ဦးအား လယ်ဒိုမြို့ တာဝန်ရှိသူများနှင့် တပ်ရင်း (၉)တာဝန်ရှိသူများပူးပေါင်းပြီး တစ်ဦးလျှင် မြန်မာငွေ ကျပ် (၁၀) သိန်း စီ ချီးမြှင့်သည်ဟု သိရသည်။ 

မိမိ၏ ဆန္ဒသဘောထားမပါဝင်ဘဲ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသော စစ်သားများအနေဖြင့် နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များထံ လက်နက်ချ အလင်းဝင်ရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency

#TNA_MAT

Photo:KNU