မည်သူက မည်သို့ပြောဆိုရေးသားနေစေကာမူ ရပ်တည်ချက်နှင့် တာဝန်ဝတ္တရားများအတိုင်း ပြည်သူ့ဝန်ဆောင်မှုအပိုင်းတွင် ကျေပွန်စွာ ထမ်းဆောင်နေကြောင်း အာရက္ခတပ်တော်(AA)က ယနေ့ ၂၀၂၄ ခုနှစ် မေလ(၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စစ်ရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ အကြမ်းဖက်မှုများနှင့် ရှုပ်ထွေးလျက်ရှိသော ရခိုင်ပြည်နယ်တွင် လက်ရှိအခြေအနေကို လူအမျိုးမျိုးတို့က ရှုထောင့်အမျိုးမျိုးမှ ၎င်းတို့၏ အကျိုးစီးပွားအတွက် အဖြစ်အပျက်မှန်များကို မျက်ကွယ်ပြုလျစ်လျူရှုကာ လိုရာဆွဲ ပြောဆိုရေးသားနေမှုများကို ခပ်စိပ်စိပ် တွေ့မြင်လာနေရသည်လည်း AAက ထုတ်ပြန်ထားသည်။
မည်သူက မည်သို့ပြောဆိုရေးသားနေစေကာမူ မိမိတို့သည် မိမိတို့၏ရပ်တည်ချက်နှင့် တာဝန်ဝတ္တရားများအတိုင်း ပြည်သူ့ဝန်ဆောင်မှုအပိုင်းတွင် ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်ဟု ဆိုသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၊ သတင်းဌာနများအနေဖြင့်လည်း သတင်းတု၊ သတင်းမှားများအပေါ် အခြေခံ၍ မိမိတို့ အဖွဲ့အစည်းအပေါ် တစ်ဖက်သတ် အပြစ်တင်ပြောဆိုရေးသားနေကြမည့်အစား ပကတိမြေပြင်အမှန်တရားကို သိရှိနားလည်အောင် ဦးစွာပြုလုပ်သင့်သည်ဟုလည်း ဆိုသည်။
ပြည်သူလူထုအတွက် မြေပြင်၌ အမှန်တကယ် အကာအကွယ်ပေးဆောင်ရွက်နေသော ULA/AA နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းကသာ အားလုံးအတွက် ပို၍အကျိုးရှိနိုင်လိမ့်မည်ဖြစ်ပြီး ဤကဲ့သို့သော ပူးပေါင်းလုပ်ဆောင်မှုမျိုးကသာ ဒေသအတွင်း အတူနေလူမျိုးများ အချင်းချင်းအကြား၌ သဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တရားမျှတမှုရရှိရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေသည်များကို အထောက်အကူပြုစေမည်ဟုလည်းထုတ်ပြန်ထားသည်။
အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ်မြေများအတွင်း မွတ်ဆလင်များအပါအဝင် စစ်ဘေးရှောင် အရေအတွက်မှာ ငါးသိန်းကျော်အထိရောက်ရှိနေပြီး စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ လှူဒါန်းပေးရန် AAက တိုက်တွန်းထားသည်။
AA ထိန်းချုပ်နယ်မြေများတွင် စစ်ဘေးရှောင် (၅)သိန်းကျော်ရှ်ပြီး ယင်းတို့အနက် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် နှစ်သိန်းခန့်ရှိကာ (၈၀)ရာခိုင်နှုန်းမှာ မွတ်ဆလင်များဖြစ်သည့်အပြင် ရခိုင်နှင့် တခြားသော လူနည်းစုများမှာ (၂၀)ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။
စစ်ဘေးရှောင်များအား ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး အပါအဝင် အခြေခံအစားအစာများဖြင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားသော်လည်း နောက်လာမည့် ကာလများတွင် နေ့စဉ်သုံး အခြေခံအစားအစာများအပြင် ကလေးနှင့် အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ မကြာမီ ရောက်လာမည့် မိုးတွင်းကာလအတွက် အမိုးအကာ၊ အိမ်သာများမှာ အရေးတကြီးလိုအပ်သော ပစ္စည်းများ ဖြစ်လာမည်ဟု ဆိုသည်။
ထို့ကြောင့် အကူအညီများနှင့် လိုအပ်ချက်များအတွက် နိုင်ငံတကာအဖွဲ့ အစည်းများ၊ စေတနာရှင်အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများနှင့် စေတနာအလှူရှင်များမှ ကူညီပေးကြပါရန် အားကိုးစွာဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါသည်ဟု AAက ထုတ်ပြန်ထားသည်။
ရခိုင်ဒေသတိုက်ပွဲများအတွင်း တိုက်ပွဲနှင့်နီးကပ်နေသော မြို့၊ ရွာများမှ ဒေသခံပြည်သူလူထုများသည် ၎င်းတို့၏အသက်အန္တရာယ် ဘေးကင်းလုံခြုံစေရေးနှင့် တိုက်ပွဲများအတွင်း ကြားညှပ်မသွားစေရေးတို့အတွက် AAမှ အလုံးစုံထိန်းချုပ်ထားသောနေရာများသို့ စစ်ဘေးရှောင်လာခဲ့ကြကြောင်း၊ စစ်ဘေးရှောင်အဖြစ် ရောက်လာကြသော ပြည်သူတိုင်းကို တန်ဖိုးထားလျက် လူမျိုးမရွေး၊ ဘာသာမရွေး မခွဲခြားဘဲ အကောင်းဆုံး ကူညီကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်း အသိပေးထားသည်။
ထို့အပြင် ရခိုင်ပြည်နယ်၌ စစ်ကောင်စီက စခန်းများကိုစွန့်လွှတ်ကာ လက်နက်များဖြင့် ကိုယ်လွတ်ရုန်းထွက်ပြေးနေကြဆဲ ဖြစ်သောကြောင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ၎င်းတို့၏အန္တရာယ်ကို သတိထားကြရန်နှင့် စစ်ကောင်စီသည် စစ်ဘက်၊ အရပ်ဘက် ပစ်မှတ်မခွဲခြားဘဲ ပြည်သူလူထုများ၊ လူသူထူထပ်သောနေရာများနှင့် စစ်ဘေးရှောင်များကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်တတ်သော အကျင့်ရှိသောကြောင့် စစ်ရေးသတိအပြည့်ဖြင့် နေထိုင်ကြရန်ထပ်မံ တိုက်တွန်းထားသည်။
#TachileikNewsAgency