တာချီလိတ်မြို့တွင် (၂၄)နာရီ လျှပ်စစ်မီး ရရှိရေးအတွက် လာအိုဘက်သို့ (၂၀)မဂ္ဂါဝပ်ကျော် အသုံးပြုနိုင်ရန် ထပ်တိုး တင်ပြ တောင်းခံထား

တာချီလိတ်မြို့တွင် (၂၄)နာရီ လျှပ်စစ်မီး ရရှိရေးအတွက် လာအိုဘက်သို့ (၂၀)မဂ္ဂါဝပ်ကျော် အသုံးပြုနိုင်ရန် ထပ်တိုး တင်ပြ တောင်းခံထား
မတ် 19, 2025 | ရှမ်းရှေ့

 ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးဖြတ်တောက်မှုကြောင့် လာအိုလျှပ်စစ်ဓါတ်အား (၁၃)မဂ္ဂါဝပ်ဖြင့်သာ အလှည့်ကျ လျှပ်စစ်မီးသုံးစွဲနေရသည့် တာချီလိတ်မြို့တွင် လာအိုဘက်သို့ လျှပ်စစ်ဓါတ်အား (၂၀)မဂ္ဂါဝပ်ကျော်အထိ ထပ်တိုးအသုံးပြုခွင့်ရရှိရန် တင်ပြ တောင်းခံထားကြောင်း သိရသည်။



ထိုင်းဘက်က လျှပ်စစ်မီး ဖြတ်တောက်စဉ် လာအိုဘက်မှ မူလရရှိထားသည့် (၂၀.၉၇)မဂ္ဂါဝပ်ကနေ (၃၀)မဂ္ဂါဝပ်အထိတိုးမြှင့် သုံးစွဲခွင့်ရရှိသော်လည်း တရုတ်အစိုးရ၏ ဖိအားကို မလွန်ဆန်နိုင်သည့် လာအိုဘက်က ချက်ချင်း လျှပ်စစ်ဓါတ်အားကို (၁၃)မဂ္ဂါဝပ်ထိသာ သုံးစွဲခွဲပြုမည်ဖြစ်ကြောင်းနှင့် ပိုမိုသုံးစွဲပါက ပေးထားသည့် လျှပ်စစ်ဓါတ်အားကို အလုံးစုံ ဖြတ်တောက်မည်ဟုပါ သတိပေးပြောကြားထားသည်ဟု သိရသည်။

လာအိုဘက်က ရရှိထားသည့် လျှပ်စစ်ဓါတ်အား (၁၃)မဂ္ဂါဝပ်ကို မြို့မီးလင်းရေးဦးဆောင်ကော်မတီက (၅)မဂ္ဂါဝပ်နှင့် မြို့မီးလင်းရေးကော်မတီရုံးခွဲက (၈)မဂ္ဂါဝပ် ခွဲတမ်းရယူပြီး  အချိန်ပိုင်းခွဲ၍  ဖြန့်ဖြူးပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် နွေရာသီကာလသို့ ဦးတည်လာပြီဖြစ်သလို တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့်လုပ်ငန်းများအတွက် လျှပ်စစ်ဓါတ်အားကို အသုံးပြုခြင်းမရှိသည့်အတွက် လာအိုဘက်ကနေ လက်ရှိ အသုံးပြုခွင့်ရရှိထားသည့် လျှပ်စစ်ဓါတ်အား(၁၃)မဂ္ဂါဝပ်ကနေ ယခင်သုံးစွဲခွင့်ပြုထားသည့် (၂၀.၇၉)မဂ္ဂဝပ်အထိ ထပ်တိုး အသုံးပြုခွင့်ပြုရန် လာအိုနိုင်ငံ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး ညွှန်ကြားရေးမှူးထံ တင်ပြတောင်းခံထားကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီထံက သိရသည်။

"တာချီလိတ်မြို့မှာ အရင်လို (၂၄)နာရီ လျှပ်စစ်မီး ပြန်လည်ရရှိရေးအတွက် ကျွန်တော်တို့ဘက်က သက်ဆိုင်ရာတွေကို အဆင့်ဆင့်တင်ပြပြီးတော့ တဆင့်ချင်းစီ ဆောင်ရွက်နေပါတယ်။ အရင်လို (၂၄)နာရီ ပြန်ပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။ တင်ပြမှုတွေ ထူးခြားလာရင်တော့ အားလုံးကို အသိပေးသွားမှာပါ"ဟု မြို့မီးလင်းရေးဦးဆောင်ကော်မတီဝင် တစ်ဦးက Tachileik News Agency သို့ မတ်လ(၁၉)ရက်နေ့တွင် ပြောသည်။ 

လက်ရှိတွင် တာချီလိတ်မြို့၏ နေရာတော်တော်များများတွင် လျှပ်စစ်မီး ပြတ်တောက်မှု မဖြစ်ခြင်းမှာ တက္ကသိုလ်ဝင်တန်စာမေးပွဲကာလဖြစ်၍ ဖျော်ဖြေရေးနေရာများကို လျှပ်စစ်မီးများ လျှော့ချထားပြီး လူနေအိမ်များဘက်သို့ ဦးစားပေးထားခြင်း ဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးပါက ယခင်လို အချိန်ပိုင်း အလှည့်ကျစနစ်ပြန်လည် ဖြစ်သွားနိုင်ကြောင်း သိရသည်။ 

ထိုင်းဘက်က တာချီလိတ်သို့ လျှပ်စစ်မီး မဖြတ်တောက်မီတွင် ထိုင်းလျှပ်စစ်ဓါတ်အား (၂၀)မဂ္ဂါဝပ် နှင့် လာအိုလျှပ်စစ်ဓါတ်အား (၃၀)မဂ္ဂါဝပ် စုစုပေါင်း (၅၀)မဂ္ဂါဝပ်ကို တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၇)တို့တွင် မြို့မီးလင်းရေးဦးဆောင်မတီ နှင့် မြို့မီးလင်းရေးကော်မတီရုံးခွဲ တို့က ရိုးရိုးအိမ်သုံမီးတာ(၂၂,၅၀၀)ကျော် နှင့် ပါဝါမီတာ (၅၄၀)ကျော် အပြင် ထရန်စဖော်မာ (၆၀၀)ဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြုးပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် ယခုအခါ တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက် နှင့် ကျေးရွာအုပ်စု (၇)တို့တွင် လျှပ်စစ်မီးအသုံးပြုနေသူများအတွက် လာအိုက ရောင်းချပေးနေသည့် လျှပ်စစ် (၁၃)မဂ္ဂါဝပ်သာ အသုံးပြုနေရခြင်း ဖြစ်သည်။