DKBA မှ ကျားဖြန့်လုပ်ငန်းကနေ ရှာဖွေပြီး ထိုင်းဘက်သို့ လွှဲပြောင်းပေးလိုက်သည့် (၂၆၀)ထဲတွင် အီသီယိုးပီးယားနိုင်ငံသား (၁၄၀)နီးပါး ပါဝင်

Photo: วันนี้ที่แม่สอด อ.แม่สอด
Photo: วันนี้ที่แม่สอด อ.แม่สอด
DKBA မှ ကျားဖြန့်လုပ်ငန်းကနေ ရှာဖွေပြီး ထိုင်းဘက်သို့ လွှဲပြောင်းပေးလိုက်သည့် (၂၆၀)ထဲတွင် အီသီယိုးပီးယားနိုင်ငံသား (၁၄၀)နီးပါး ပါဝင်

 ကရင်ပြည်နယ်အတွင်း မြန်မာ - ထိုင်းနယ်စပ်ဒေသ မြဝတီခရိုင်အတွင်း DKBA ထိန်းချုပ်နယ်မြေရှိ လောင်းကစားနှင့် ကျားဖြန့်များတွင် လုပ်ကိုင်သူ နိုင်ငံခြားသား(၂၆၀)ဦးကို ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင် လွှဲပြောင်းပေးလိုက်ရာ အီသီယိုးပီးယားမှ (၁၃၈)ဦးဖြင့် အများဆုံး ပါဝင်ကြောင်း သိရသည်။

အပြန်လည် လွှဲပြောင်းပေးလိုက်သည့် (၂၆၀)ဦးတွင် ဖိလစ်ပိုင် (၁၆)ဦး၊ ကင်ညာ(၂၃)ဦး၊ တန်ဇန်းနီးယား (၁)ဦး၊ ဘရာဇီး (၂)ဦး၊ အီသီယိုးပီးယား (၁၃၈)ဦး၊ ပါကစ္စတန်(၁၂)ဦး၊ ဘင်္ဂလားဒေ့ရှ် (၂)ဦး၊ နီပေါ(၇)ဦး၊ ကမ္ဘောဒီးယား (၁)ဦး သီရိလင်္ကာ(၁)ဦး၊ ယူဂန်ဒါ (၆)ဦး၊ ထိုင်ဝမ်(၇)ဦး၊ လာအို (၆)ဦး၊ အင်ဒိုနီးရှား (၈)ဦး၊ ဘူရွန်ဒီ(၂)ဦး၊ နီဂါ(၁)ဦး၊ ဂါနာ(၁)ဦး၊ အိန္ဒိယ(၁)ဦး၊ မလေးရှား (၁၅)ဦး နှင့် တရုတ် (၁၀)ဦး စသည့် နိုင်ငံများ (၂၆၀)ဦး ပါဝင်သည်။

 “အခုပို့လိုက်တဲ့သူတွေက သူတို့မိတ်ဆွေ၊ သူငယ်ချင်းတွေ ကျန်သေးတယ် လို့ အကူအညီတောင်းတယ်။ အနည်းအများတော့ရှိတယ်။ အတိတကျတော့ မသိရဘူး။ ဒီလုပ်ငန်းပြီးပြတ်သွား အောင်တော့ လုပ်ရမှာပေါ့။”ဟု DKBA အမှတ်(၁)စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုင်းကျော်လှက  Tachileik News Agency သို့ ပြောသည်။

စစ်ကောင်စီလက်အောက်ခံ BGF နှင့် ရထိုက်နိုင်ငံတကာ ကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည်ဖေါ် နေကြသည့် မြဝတီ ရွှေကုက္ကိုလ်မြိုင်နှင့် KK Park တို့တွင် အခြေစိုက်သည့် တရုတ် ကျားဖြန့်လုပ်ငန်းများသို့ ထိုင်းမှတစ်ဆင့်ဖြတ်၍ လူကုန်ကူးခံရသူများတွင် တရုတ်နိုင်ငံသားများ  ပါဝင်သည်ဟုဆိုကာ အဆိုပါဂိုဏ်းများ နှိမ်နှင်းရေးအတွက် တရုတ်နိုင်ငံ၏ ဖိအားကြောင့် ထိုင်းဘက်က မြန်မာနယ်စပ်အား လျှပ်စစ်၊ အင်တာနက်လိုင်းနှင့် စက်သုံးဆီဖြတ်တောက်ခြင်းကို ဖေဖေါ်ဝါရီလ (၅)ရက်နေ့က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနယ်စပ်မှ ကျားဖြန့်ဂိုဏ်းများ နှိမ်နှင်းမှုအပေါ်မူတည်၍ လျှပ်စစ်မီးဖြတ်တောက်မှုအပေါ် ပြန်လည်သုံးသပ်မည်ဟု ထိုင်းအစိုးရ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တရုတ်ကျားဖြန့်ဂိုဏ်းများ နှိမ်နှင်းရေးအတွက် ထိုင်းအစိုးရ၏ ဖိအားကို မြန်မာစစ်ကောင်စီဘက်က မည်သည့်တုန့်ပြန်ချက်မှ လုပ်ဆောင်သည်ကို မတွေ့ရသည့်အပြင် ထိုင်းအစိုးရကလည်း နယ်စပ်မှ ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် BGF နှင့် DKBA ကို အဓိက ဖိအားပေးနေသည်ကို တွေ့ရသည်။

ထိုင်းဘက်မှ ဖြတ်တောက်ခြင်းများကြောင့် ဒေသတွင်း အခက်ကြုံနေရသည့် ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော်(DKBA)က ၎င်းတို့ထိန်းချုပ်ရာ ကျောက်ခက်ဒေသအတွင်းရှိ ကာစီနို၊ တရုတ်ကျားဖြန့်များမှ နိုင်ငံခြားသားအားလုံးကို ရှာဖွေကာ လွှဲအပ်လိုက်ခြင်းဖြ်စ်သည်ဟု ဆိုထားသည်။

 

Photo: วันนี้ที่แม่สอด อ.แม่สอด