ကရင်ပြည်နယ် KNU တပ်မဟာ(၅) နယ်မြေအတွင်းရှိ BGF ၁၀၁၃ စခန်းတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်သဖြင့် ထိုင်းစစ်တပ်ဘက်က နယ်စပ်လုံခြုံရေးနှင့် လေကြောင်းရန်ကာကွယ်ရေးကင်းထောက်ပျံသန်းခဲ့ရသည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။
ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်အချိန်တွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်နယ်နိမိတ် တဖက်ခြမ်း KNLA တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီနှင့် BGF တပ်များပူးတွဲအထိုင်ချထားသော နယ်ခြားစောင့်တပ် ၁၀၁၃ တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က လေကြောင်းမှ (၅)ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
“တပ်မဟာ ၅ နယ်မြေ ကတိုင်တိစခန်းအနီးက စစ်ကောင်စီနဲ့ BGFတွေ ပူးပေါင်းထိုင်တဲ့ စခန်းတွေကို စခန်းသိမ်းတိုက်ပွဲတွေဖြစ်နေတယ်။ အဲဒီကို ဂျက်ဖိုက်တာနဲ့ ၅ ကြိမ်လောက်ကြဲတယ်။ Y-12 နဲ့လည်း ပစ္စည်းတွေချတာ၊ ဗုံးကြဲတာတွေတော့ ရှိတယ်။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။
ကတိုင်တိစစ်ကောင်စီ၏ ဗျူဟာစခန်းကုန်းကို ပြီးခဲ့သည့် ဇန်နဝါရီလကတည်းကပင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး အနီးရှိ လက်ကျန်စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေခြင်း ဖြစ်သည်။
“ကတိုင်တိဗျူဟာကတော့ သိမ်းထားပြီးသား ကတိုင်တိဗျူဟာနဲ့ ကိုက် ၄၀၀ လောက်အကွာမှာ BGF တပ်ရင်းတစ်ခုရှိတယ်။ အဲဒီတပ်ရင်းထဲမှာ ကတိုင်တိစခန်းသိမ်းတော့ စစ်ကောင်စီတပ်သားတွေ အဲဒီအထဲကိုရွှေ့သွားတာပေါ့နော်။ အခုက အဲဒီနယ်ခြားစောင့်တပ် ၁၀၁၃ ကို ထပ်ပြီးတော့ တိုက်တာပေါ့နော်။”ဟု စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
တိုက်ပွဲအတွင်း KNLA ဘက်ကလည်း ဒရုန်းများအသုံးပြုတိုက်ခိုက်ပြီး ဒေသခံများလည်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်လာကြသဖြင့် ထိုင်းတော်ဝင်လေတပ်က F-16 ကင်းလှည့်လေယာဉ်ကို အသုံးပြုပျံသန်းနေသည်ဟု ဆိုသည်။
ထို့အပြင် ထိုင်း-မြန်မာ နယ်စပ်ရှိ ခလရ(၃၁) တပ်ရင်း၏ ပူလူတူစစ်စခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သဖြင့် ယနေ့နံနက်ပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွား၍ ဒေသခံများ ထိုင်းဘက် ထွက်ပြေးရသည်ဟု သိရသည်။
#TachileikNewsAgency
Photo:วันนี้ที่แม่สอด อ.แม่สอด