အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့် အပါအဝင် ဆက်စပ်ဒုစရိုက်မှုများကို ပြတ်ပြတ်သားသား ကိုင်တွယ် ဆောင်ရွက်သွားကြရန် အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြား

အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့် အပါအဝင် ဆက်စပ်ဒုစရိုက်မှုများကို ပြတ်ပြတ်သားသား ကိုင်တွယ် ဆောင်ရွက်သွားကြရန် အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြား

 တိုင်းနှင့်ပြည်နယ်အလိုက် ဒေသအသီးသီးများတွင် တရားမဝင်အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်း(ကျားဖြန့်)များကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်သွားကြရန် မဖြစ်မနေ လိုအပ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များကို ပြောကြားလိုက်သည်။

"တိုင်းနှင့်ပြည်နယ် သက်ဆိုင်ရာ နယ်မြေများ အလိုက် တာဝန်ရှိသူ အဆင့်ဆင့်အနေဖြင့် မိမိတို့၏ ဒေသများအတွင်း အွန်လိုင်းလောင်းကစား နှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ အပါအဝင် အခြား ဒုစရိုက်လုပ်ငန်းများ မရှိစေရေးနှင့် မဖြစ်ပေါ်စေရေးအတွက် ဖော်ထုတ် အရေးယူခြင်းများကို ပြတ်ပြတ်သားသား ကိုင်တွယ် ဆောင်ရွက်သွားကြရန် မဖြစ်မနေ လိုအပ်ကြောင်း" အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခြင်း ဖြစ်သည်။

၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် စစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးအတွင်း ယင်းသို့ ပြောကြားခြင်းဖြစ်ပြီး ၎င်း၏ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များက အွန်လိုင်းကနေ တက်ရောက်ကြောင်း သိရသည်။  

တရားမဝင် အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်)ကို အကြောင်းပြုပြီး နိုင်ငံအတွင်း အခက်အခဲများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ထိထိရောက်ရောက် အရေးယူမှုများ လုပ်ဆောင်ခဲ့သလို ဆက်လက်၍လည်း ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမည်ဟု ပြောကြားထားသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ မြဝတီမြို့နယ်အတွင်း ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်ပြီး ထိုင်းအစိုးရ နှင့် တရုတ်အစိုးရတို့မှ အဆက်မပြတ် လုပ်ဆောင်လာသလို ဖိအားလည်း ပေးလာသည့်အတွက် အာဏာသိမ်း စစ်ခေါင်းဆောင်က ယခုလို အမိန့်ပေးပြောကြားလာခြင်း လည်း ဖြစ်သည်။