ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်အတွင်း နမ့်ခုတ်မြစ်တလျှောက်တွင် အကြီးစား ရွှေတူးဖော်လုပ်ငန်းများကြောင့် ရေလွှမ်းမိုးမှုဖြစ်ပေါ်မှုအခြေအနေသည် နယ်စပ်ဖြတ်ကျော် အကျိုးသက်ရောက်မှုများရှိသည့် အတွက် နမ့်ခုတ်မြစ်ကို ကာကွယ်ရန် မြန်မာ - ထိုင်းနယ်စပ်ဒေသ ထိုင်းနိုင်ငံ မယ့်အိုင်းမြို့နယ်အတွင်း တာတွန်းကျေးရွာတွင် ထိုင်းပြည်သူ (၇၀၀)ကျော်က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထိုင်းနိုင်ငံ ချင်းမိုင် နှင့် ချင်းရိုင်းအကြားရှိ မယ့်အိုင်းမြို့နယ်အတွင်း မြန်မာ - ထိုင်းနယ်စပ်ဒေသ တာတွန်းကျေးရွာတွင် ၂၀၂၅ခုနှစ် မတ်လ(၁၄)ရက်နေ့က ထိုင်းပြည်သူ (၇၀၀)ကျော်က ပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့ အထိမ်းအမှတ်အဖြစ် မြို့တွင်းကနေ နမ့်ခုတ်မြစ်သို့ ချီတက်လမ်းလျှောက်ကာ မြန်မာနိုင်ငံ မိုင်းဆတ်ဘက် နမ့်ခုတ်မြစ်တလျှောက် ရွှေတူးဖော်မှုများ ရပ်တန့်ရေး နှင့် နမ့်ခုတ်မြစ် ကာကွယ်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
"မိုးခေါင်မှု၊ ရေကြီးမှု၊ တောမီးလောင်မှု၊ လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ဟာ လူတိုင်းရဲ့ ဘဝနဲ့နေထိုင်မှုကို သိသိ သာသာ သက်ရောက်မှုရှိပါတယ်၊ ဒီကပ်ဘေးတွေဟာ လူတွေက လုပ်ယူတာဖြစ်ပြီးတော့ နမ့်ခုတ်နဲ့ တခြားမြစ်တွေကို ဖျက်ဆီးနေတဲ့ သစ်တောခုတ်ထွင်းတာ၊ ရည်ရွယ်ချက်နဲ့တောမီးရှို့တာ၊ သတ္တုတူးတာနဲ့ ဆည်ကြီးတွေကို ဆောက်တာတွေကြောင့်ဘဲ ဖြစ်တယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံအပါအဝင် မိမိတို့လူမှု အသိုင်းအဝိုင်းတစ်ခုလုံးကို ဤသက်ရောက်မှုများအပေါ် အသိပညာရှိစေရန်နှင့် ကျွန်ုပ်တို့၏ ကျန်းမာရေး၊ အသက်မွေးဝမ်း ကြောင်းနှင့် အနာဂတ်ကို ထိခိုက်စေနှင့်သည့် သဘာဝသယံဇာတ ဖျက်ဆီးမှုများကို ရပ်တန့် နိုင်ရေးအတွက် သတိပေးလိုပါတယ်"ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူက ၎င်းတို့၏ ထုတ်ပြန်ချက်ကို ဖတ်ကြားသည်။
"ယခုလှုပ်ရှားမှုသည် ပြည်သူလူထုများအကြား သဘာဝကပ်ဘေးများကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို အသိပညာပေးရန်၊ ထိုပြသနာများကို ဖြစ်ပေါ်စေသည့် အကြောင်း အရ များကို အဓိက ဦးတည်ရန်နှင့် ယခုဖြစ်စဥ်များကို တာဝန်ရှိသူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးခြင်းသည် မိမိတို့ကို သာမက အနီးအနား နိုင်ငံများရှိ လူများကိုပါ ထိခိုက်စေနိုင်သည်ဆိုသည်ကို သိရှိ စေရန် ရည်ရွယ်သည်"ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူများက ဆိုသည်။
မိုင်းဆတ်ခရိုင်အတွင်း "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ထိန်းချုပ်ထားသော မိုင်းဆတ်မြို့တောင်ပိုင်းနှင့် မိုင်းယွန်းမြို့တို့ရှိ နမ့်ခုတ်မြစ်ကမ်းတလျှောက်တွင် ၂၀၂၃ခုနှစ် ဝန်းကျင်က စပြီး တရုတ်ကုမ္ပဏီ(၄)ခုသည် တရုတ်အလုပ်သမား အများစု ပါဝင်သော အလုပ်သမား (၃၀၀)ခန့်ဖြင့် ရွှေတူးဖော်နေကြခြင်းဖြစ်ပြီး ၎င်းတို့သည့် နမ့်ခုတ်တလျှောက်ရှိ တောင်ကုန်းများပေါ်တွင် တူးဖော်နေသည့်အပြင် မြစ်ပေါ်တွင်လည်း ရွှေဖောင်များဖြင့် တူးဖော်နေဆဲဖြစ်ကြောင်း ၂၀၂၅ခုနှစ် မတ်လ(၁၄)ရက်နေ့က ထုတ်ပြန်သည့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နမ့်ခုတ်မြစ်တစ်လျှောက် (၂၄)နာရီ အကြီးစား ရွှေတူးဖော်မှုကြောင့် ၂၀၂၄ စက်တင်ဘာလ၏ ဒုတိယပတ်တွင် နမ့်ခုတ်မြစ်ပေါ် ကြီးမားသည့် ရေလွှမ်းမိုးမှုကို ဖြစ်ပေါ်ခဲ့ရာတွင် မြန်မာ - ထိုင်းနယ်စပ်ဒေသတလျှောက်နေ မြန်မာ - ထိုင်း နှစ်ဖက် ပြည်သူများ ဒုက္ခကြုံတွေခဲ့ရသည်။
မြန်မာဘက်တွင် မိုင်းယွန်းအုပ်စုအတွင်းရှိ ပိန်းခမ်းရှမ်းရွာသည် ရွံ့မြေနှင့် ရေဆိုးများဖြင့်နစ်မြုပ်သွားသလို နမ့်ခုတ်မြစ်မှ စီးဆင်းရာ မယ်ဆိုင်ချောင်းတလျှောက် တာချီလိတ်မြို့ နှင့် မယ်ဆိုင် အနိမ့်ပိုင်းနေရာများတွင်လည်း ရွှေတူးဖော်သည့် ရွှံ့မြေများ ဖုံးလွှမ်းခံခဲ့ရသလို ချင်းမိုင်အုပ်အုပ်မှုအောက်ရှိ မယ့်အိုင်းမြို့နယ်အတွင်း တာတွန်းကျေးရွာ နှင့် ချင်းမိုင်ခရိုင် မြောက်ဘက် နမ့်ခုတ်မြစ်တလျှောက်ရှိ ကျေးရွာများလည်း ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ရကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ စက်တင်ဘာလ(၁၂)ရက်နေ့အထိ အဆိုးရွားဆုံး ရေကြီးရေလျှံမှု နှင့် ရွှေတူးဖော်သည့် ရွှံ့မြေများ ဖုံးလွှမ်းမှုကြောင့် ကလေးငယ်များ အပါအဝင် စာရင်းအရ လူပေါင်း(၂၀)ဝန်းကျင် သေဆုံးခဲ့ရပြီး စာရင်းမကောက်နိုင်ဘဲ ပျောက်နေပြီး ရှာမတွေ့သူများလည်းရှိခဲ့သလို အိမ်ခြေအများအပြားလည်း ထိခိုက် ပျက်ဆီးခဲ့ရသည်။