ထိုင်းဘက်တွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအနက် (၂၅၀)ဦးကို ထိုင်းအာဏာပိုင်များက စစ်သားသစ် လိုအပ်နေသည့် စစ်ကောင်စီ လက်သို့ လွှဲပြောင်း

ထိုင်းဘက်တွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအနက် (၂၅၀)ဦးကို ထိုင်းအာဏာပိုင်များက စစ်သားသစ် လိုအပ်နေသည့် စစ်ကောင်စီ လက်သို့ လွှဲပြောင်း

မြန်မာနိုင်ငံဘက် စစ်ကောင်စီ၏ ရှေ့တန်းစစ်မြေပြင်များတွင် အင်အားလိုနေ၍ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ကာ အဓမ္မစစ်သားစုဆောင်းနေသည့်  စစ်ကောင်စီထံသို့ မြန်မာနိုင်ငံသား အမျိုးသား (၂၀၀)ကျော်ပါဝင်သည့် (၂၅၀)ဦးအဖွဲ့ကို ထိုင်းအာဏာပိုင်များက လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

လွှဲပြောင်းခံရသည့် မြန်မာနိုင်ငံသား (၂၅၀)ဦးတွင် အမျိုးသား(၂၁၆)ဦး နှင့် အမျိုးသမီး(၃၄)ဦး ပါဝင်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှု အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီး အရေးယူခံရသူများ ဖြစ်သည်။

၎င်းတို့အား ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၁၉)ရက်နေ့ နံနက်(၁၁)နာရီကျော်အချိန်က မြန်မာ - ထိုင်းနယ်စပ်ဒေသ ထိုင်းနိုင်ငံ ရနောင်းကနေ မြန်မာနိုင်ငံ ကော့သောင်းဘက်သို့ စက်လှေဖြင့် လွှဲပြောင်း ပို့ဆောင်ခြင်းဖြစ်ပြီး ထိုသို့ လွှဲပြောင်းရာတွင်  ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးမိုးဇော် လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၄)ရက်နေ့တုန်းကလည်း ရနောင်းကနေ ကော့သောင်းဘက်သို့ ယခုလို မြန်မာနိုင်ငံသား(၂၀၀)ဦးကို လွှဲပြောင်းခဲ့သေးပြီး ထိုသို့ လွှဲပြောင်းရာတွင် အမျိုးသား(၁၉၈)ဦး နှင့် အမျိုးသမီး (၂)ဦး ပါဝင်သည်ဟု သိရသည်။

နိုင်ငံ့အာဏာ မသိမ်းခံရမီကာလများက ထိုင်းဘက်က ယခုလို လွှဲပြောင်းမှုများရှိခဲ့သော်လည်း ထိုစဉ်က လွှဲပြောင်းခံရသူများကို မြန်မာဘက် တာဝန်ရှိသူများက ၎င်းတို့ နေထိုင်ရာ မြို့အရောက် ကားများကို စီစဉ်ပေးပြီး ပို့ဆောင်ပေးသော်လည်း နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက်တွင် စစ်ကောင်စီက အမျိုးသမီးများနှင့် အမျိုးသားများကို ခွဲထားပြီး စစ်မှုထမ်းရန် သတ်မှတ်ချက်နှင့် ကိုက်ညီသူသည့် လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေသည့် ဖြစ်စဉ်အများအပြားရှိနေကြောင်း CDM စစ်သားများ၏ စောင့်ကြည့်မှတ်တမ်းများအရ သိရသည်။

ရနောင်းကနေ ကော့သောင်းဘက်သို့ ပြန်လည် ပို့ဆောင်သည့် လူငယ်များကို အမျိုးမျိုး ခြိမ်းခြောက် ဖိအားပေးကာ စစ်မှုထမ်းခိုင်းပြီးနောက် ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခြင်းများရှိနေသလို ယင်းသို့ စေလွှတ်ခံရသူများထဲမှ ထွက်ပြေးလွှတ်မြောက်လာသူများက CDM စစ်သားများနှင့် ချိတ်ဆက်ပြီး  ပြန်လည် ပြောပြသည်များလည်း ရှိသည်။