မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးနှင့် တွေ့ဆုံမေးမြန်းခြင်း

မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးနှင့် တွေ့ဆုံမေးမြန်းခြင်း
ဖေဖော်ဝါရီ 2, 2021 | နိုင်ငံရေး| အင်တာဗျူး

ခေါ်သွားတုန်းကတော့ လက်ထိပ်ခတ်၊ အဝတ်အိတ်နဲ့ ခေါင်းစွပ်ပြီး ခေါ်သွားတာပဲ။ ဟိုရောက်တော့လည်း အထက်ကခိုင်းလို့ တာဝန်အရ လုပ်ရတာပါလို့ ပြောတယ်။

စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြန်လွတ်လာသည့် မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးနှင့် တွေ့ဆုံမေးမြန်းခြင်း။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့က တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများအား စစ်တပ်က လာရောက်ထိန်းသိမ်းဖမ်းဆီးခဲ့မှု အခြေအနေအား ပြန်လည် လွတ်မြောက်လာသည့် NLD အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးအား တာချီလိတ်သတင်းအေဂျင်စီ၏ မကွေးအခြေစိုက် သတင်းထောက် ဖီးနစ်က ဆက်သွယ်မေးမြန်းထားခြင်းဖြစ်ပါသည်။



မေး။    ။ မနေ့က ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အခြေအနေလေး ပြောပြပေးပါအုံးခင်ဗျ။

ဖြေ။    ။မနက် (၄) နာရီခွဲကတည်းက စလာပြီး ခေါ်ကြတာပဲ။ ဦးဇော်မင်း (စည်ပင်/ဘဏ္ဍာဝန်ကြီး) တို့၊ ဦးတင်နွယ်ဦး (ဆောက်လုပ်ရေးဝန်ကြီး)တို့ သူတို့ပြီးတော့ ဦးဇော်မျိုးဝင်း (လွှတ်တော် ဒုတိယဥက္ကဌ) နဲ့ ကျွန်တော့်အိမ်ရောက်လာပြီး ခေါ်တာပေါ့နော်။ ကျွန်တော့်ကို တောင်တွင်းဘက်က စစ်တပ်ကို ခေါ်သွားတယ်။ ဦးဇော်မျိုးဝင်းကိုတော့ မင်းဘူးစစ်တပ်ဘက် ခေါ်သွားတယ်။ ဦးဇော်မင်းကို နတ်မောက်က ရွာမွန်စစ်တပ်ဘက် ခေါ်သွားတယ် ပြောတယ်။ ဦးတင်နွယ်ဦးတော့ ဘယ်ခေါ်သွားသလဲ မသိဘူး။ ဦးဇော်မျိုးဝင်းကတော့ မင်းဘူးစစ်တပ်ကနေ မနက် (၈) နာရီခွဲလောက် အစောဆုံးပြန်ရောက်ပြီး ကျွန်တော့်ကိုတော့ (၉) နာရီလောက် မကွေးပြန်ပို့တယ်။ (၁၀) နာရီခွဲလောက် ဝန်ကြီးများ အိမ်ယာကို ပြန်ရောက်တယ်။

မေး။    ။ လာဖမ်းတုန်းက အခြေအနေတွေ ပြောပြပေးပါအုံးခင်ဗျ။

ဖြေ။    ။ ခေါ်သွားတုန်းကတော့ လက်ထိပ်ခတ်၊ အဝတ်အိတ်နဲ့ ခေါင်းစွပ်ပြီး ခေါ်သွားတာပဲ။ ဟိုရောက်တော့လည်း အထက်ကခိုင်းလို့ တာဝန်အရ လုပ်ရတာပါလို့ ပြောတယ်။ ဘာမှ ထိခိုက်နာကျင်အောင် မလုပ်ကြတဲ့အပြင် ကောင်းကောင်းမွန်မွန်ပဲ မနက်စာလည်း ကျွေးလိုက်ပါတယ်။ ကျန်းမာရောစစ်ဆေးချက်တွေလည်း လုပ်ပေးပါတယ်။ 

မေး။    ။ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌနှင့် ကျန်သည့် ဝန်ကြီးများ၏ အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။    ။ မနေ့ကအထိတော့ လွှတ်တော် ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း၊ ကျွန်တော်နဲ့ ဦးဇော်မင်းတို့ ပြန်ရောက်ကြပြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌနဲ့ ကျန်တဲ့ဝန်ကြီးတွေက ခုချိန်အထိတော့ ပြန်မရောက်သေးဘူး။ ဦးတင်နွယ်ဦးက ညက ပြန်ရောက်တယ်လို့ သတင်းရပေမဲ့ အတိအကျ မသိရသေးပါဘူး။ ကျန်တဲ့ဝန်ကြီးတွေလည်း ပြန်ရောက်၊ မရောက် သေချာမသိသေးပါဘူး။ ဦးမြင့်ဇော်က ဂန့်ဂေါပြန်နေတယ်။ ဦးမြင့်အောင်ကလည်း ကံမပြန်တယ်ဆိုတော့ ဒီထဲမှာမရှိကြဘူး။

မေး။    ။ ဝန်ကြီးတို့ အခုနေအိမ်ပြန်ခွင့်ရတော့ လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိပါသလား။ (၃) ရက်အတွင်း ပြောင်းရွှေ့ရမယ်လို့ သတင်းထွက်နေတာရော ဟုတ်ပါသလား။

ဖြေ။    ။ဝန်ကြီးတွေကို (၃) ရက်အတွင်း ရွှေ့ပြောင်းပေးရမယ်ဆိုတာမျိုး၊ ဘယ်နေ့ ရွှေ့ရမယ် ဆိုတာတွေတော့ ဘာမှ မပြောသေးဘူး။ အခု လက်ရှိမှာတော့ အစိုးရဝန်ကြီးများ အိမ်ယာဝန်းထဲမှာ တစ်အိမ်နဲ့ တစ်အိမ် သွားလာခွင့်ရနေပါတယ်။ အပြင်တော့ ထွက်ခွင့် မပေးဘူးပေါ့။ 

မေး။    ။ အခုလက်ရှိ အခြေအနေတွေနဲ့ပတ်သက်လို့ ဝန်ကြီးရဲ့ အမြင်သဘောထားမှတ်ချက် ဘယ်လိုရှိပါသလဲ။

ဖြေ။    ။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတဲ့အချိန်အခါမှာ ပြည်သူကလည်း တက်တက်ကြွကြွနဲ့ အားပေးနေချိန်မှာ ပြည်သူရဲ့ ဆန္ဒကို ရိုက်ချိုးပစ်လိုက်တာပဲ။ ဒီလိုလုပ်ရပ်ဟာ လက်နက်ရှိတဲ့လူတွေက လက်နက်မရှိတဲ့လူတွေကို ဥပဒေမဲ့လုပ်တဲ့ လုပ်ရပ်ပဲလို့ပဲ ပြောချင်ပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌ၊ လွှတ်တော် ကိုယ်စားလှယ်အချို့တို့ကို ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး အချို့မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

Tachileik News Agency

တွေ့ဆုံမေးမြန်းသူ - ဖီးနစ်

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...