သံတွဲမြို့ရှိ စစ်ဘေးရှောင်များနှင့် ဒေသခံများကို MNDAA က စားနပ်ရိက္ခာများလှူဒါန်းပေး

သံတွဲမြို့ရှိ စစ်ဘေးရှောင်များနှင့် ဒေသခံများကို MNDAA က စားနပ်ရိက္ခာများလှူဒါန်းပေး

ရခိုင်ပြည်နယ် သံတွဲမြို့ရှိ စစ်ဘေးရှောင်များနှင့် ဒေသခံများကို ကိုးကန့်တပ်ဖွဲ့(MNDAA)က စားနပ်ရိက္ခာများလှူဒါန်းကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၈)ရက်နေ့က သံတွဲမြို့နယ်အတွင်း တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် ဒေသခံများနှင့် စားနပ်ရိက္ခာပြတ်လပ်လာသည့် ဒေသခံများအား တစ်အိမ်ထောင်လျှင် ကုန်ပစ္စည်း(၃)မျိုးကို အာရက္ခတပ်တော်(AA)ထံမှ တဆင့်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။ 

"မနေ့က MNDAA ကတောင် ငါးနီတူတွေ ဆန်တွေလှူသေးတယ်။ အဲဒါကို AA က တဆင့်ခံ လှူပေးတာ။ ကျွန်တော်တို့ မိသားစုလဲရတယ်။ ပစ္စည်းက (၃)မျိုး ဆန်တစ်ပြည်၊ ငါးပိ၊ ငါးနီတူပါတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

သံတွဲမြို့နယ်တွင် စစ်ရှုံးသွားသည့် စစ်ကောင်စီသည် ဂွမြို့နယ်အတွင်းသို့ AA တပ်များ မလာရောက်နိုင်ရန် ကျိန္တလီမြို့နယ်အတွင်း သံတွဲ-ဂွ-ရန်ကုန်လမ်းကို စစ်ဆေးရေးဂိတ်ဖွင့်ကာ ရန်ကုန်မှ သံတွဲမြို့သို့ ပြန်လာသူများအား တားမြစ်ထားသည်။

ထို့ကြောင့် သံတွဲမြို့နယ်အတွင်း ကုန်ပစ္စည်း၊ ဆေးဝါးများ ပြတ်တောက်နေရပြီး ဒေသခံများမှာ တပြည် (၆၀၀၀)ကျပ်ပေးဝယ်ရသည့် ဆန်ကွဲကို ချက်စားနေရသည်ဟု သိရသည်။

"ပေါင်းလှူတာလား MNDAA က သီးသန့်လားဆိုတာတော့ မသိဘူး။ MNDAA ကတော့ လှူတယ်။ AA တိုက်နယ်မှူးပြောတာကတော့ သူက တာဝန်ခံပြီးလှူပေးတာ။ စစ်ရှောင်တိုင်းကို MNDAA က လှူတာပါဆိုပြီးပြောတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များနှင့် ဒေသခံများအတွက် စားနပ်ရိက္ခာအဆင်ပြေစေရန် AAက ဆန်များကို လျော့စျေးဖြင့် ထုတ်ရောင်းချပေးနေသည်ဟု သိရသည်။

"လက်ရှိ ကောက်ကြီးတစ်အိတ်ကို (၂)သိန်းကျော်တယ်။ တပ်တော်က ရောင်ပေးတဲ့ ကောက်ကြီးက (၁၆၀,၀၀၀)ကျပ်နဲ့ အားလုံးရအောင် ပြည်လိုက်ရောင်းပေးနေတယ်။ ကုန်ကုန်သွားလို့ စောင့်နေရတယ်။ အိတ်လိုက်ရောင်းမယ့်ဟာ မရောက်သေးလို့။ "ဟု ဒေသခံတစ်ဦးက ပြောသည်။ 

သံတွဲမြို့နယ်တွင် တိုက်ပွဲများကြောင့် ဒေသခံများ ယခုနှစ်မိုးစပါးကို စိုက်ပျိုးနိုင်ခြင်းမရှိဘဲ ပြေးကြရသဖြင့် လာမည့်နှစ်အတွင်း ဆန်ပြတ်လပ်နိုင်သည့် အခြေအနေဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။ 

သံတွဲမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်ကျန် ကွင်းဝိုင်းရေတပ်စခန်းသာကျန်တော့ပြီး ကျန်တပ်စခန်းများနှင့် မြို့တို့ကို AA က သိမ်းပိုက်ထားပြီးဖြစ်သည်။

#TachileikNewsAgency