တာချီလိတ်မြို့တွင်း ပုန်းထွန်ရပ်ကွက်ကနေ မယ်ဆိုင်ဘက်သို့ မူးယစ်ဆေးဝါး သယ်ဆောင်သည့် အဖွဲ့နှင့် ထိုင်းပူးပေါင်းအဖွဲ့တို့ အပြန် ပစ်ခတ်မှု ဖြစ်ပွားပြီး မူးယစ်ဆေးအများအပြားကို ထိုင်းဘက်က သိမ်းဆည်းရမိ

တာချီလိတ်မြို့တွင်း ပုန်းထွန်ရပ်ကွက်ကနေ မယ်ဆိုင်ဘက်သို့ မူးယစ်ဆေးဝါး သယ်ဆောင်သည့် အဖွဲ့နှင့် ထိုင်းပူးပေါင်းအဖွဲ့တို့ အပြန် ပစ်ခတ်မှု ဖြစ်ပွားပြီး မူးယစ်ဆေးအများအပြားကို ထိုင်းဘက်က သိမ်းဆည်းရမိ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ကနေ တဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်သို့ မူးယစ်ဆေးဝါး သယ်ဆောင်သည့် အဖွဲ့နှင့် ထိုင်းပူးပေါင်း ကင်းလှည့်အဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ထိုင်းပူးပေါင်းအဖွဲ့က  အိုက်စ်(ice)မူးယစ်ဆေး ( Methamphetamine - မက်သာဖက်တမင်း ) ကီလို (၃၀၀)ကျော် သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၅ခုနှစ် မတ်လ(၁၉)ရက်နေ့ အကူး နံနက်(၂)နာရီ ဝန်းကျင်အချိန်က တာချီလိတ် နှင့် မယ်ဆိုင်အကြား မယ်ဆိုင်ချောင်းအနီးရှိ မယ်ဆိုင်ဘက် ဆိုင်လုံးကျွဲဈေးလမ်းတွင် ထိုင်းစစ်တပ်ပါဝင်သည့် ပူးပေါင်းကင်းလှည့်အဖွဲ့နှင့် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် အလူရာဟိုတယ်အနီး ဝန်းကျင်ကနေ မယ်ဆိုင်ဘက်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် အဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ဘက်မှ မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် အဖွဲ့မှ (၁၀)ဦးမှ (၁၂)ဦးအထိ ရှိသည်ဟု ပြန်ခတ်မှုမှာ (၁၀)မိနစ်ဝန်းကျင်အကြာ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မူးယစ်ဆေးဝါးသယ်ဆောင်လာသူများမှာ ၎င်းတို့ သယ်ဆောင်လာသည့် ဆာလာအိတ်များကို ထားခဲ့ပြီး တာချီလိတ်ဘက်သို့ ပြန်လည် ထွက်ပြေးသွားသည်ဟု ထိုင်းပူးပေါင်းအဖွဲ့၏  သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းပူးပေါင်းအဖွဲ့မှ ရှာဖွေတွေ့ရှိသည့် ဆာလာအိတ် (၉)လုံးထဲတွင် အလေးချိန် စုစုပေါင်း (၃၂၃)ကီလိုဂရမ်ရှိသည့်  အိုက်စ်မူးယစ်ဆေးဝါးများ တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

"ညက သေနတ်ပစ်သံတွေကြားလိုက်တယ် အိပ်ကောင်းနေချိန်မှာ ကြားလိုက်တာ၊ ဘယ်နားဘာဖြစ်မှန်းတော့ မသိလိုက်ဘူး။  မနက်ရောက်မှ မေးကြည့်တော့ အလူရာဟိုတယ်အနီးက နေရာမှာ ဖြစ်တာလို့ သိရတယ်ဗျ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency ကို ပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်ပွားရာနေရာမှာ  ပြီးခဲ့သည့် နှစ်က  တာချီလိတ်ဘက်သို့ တရားမဝင်ပို့မည့် ဆိုင်ကယ်အများအပြား သိမ်းဆည့်းရမိခဲ့သည့်နေရာဖြစ်ကြောင်းလည်း သိရသည်။