တရုတ်ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီး လျူရှောင်ယီနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) ထပ်ပိုင်းခေါင်းဆောင်များ ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် ကျားဖြန့်ကိစ္စနှင့်ပါတ်သက်၍ တွေ့ ဆုံဆွေးနွေးနေသည်ဟု သိရသည်။
တရုတ်ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီး လျူရှောင်ယီသည် BGF ဌာနချုပ် ရွှေကုက္ကိုလ်မြို့ကို ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှတဆင့် ရောက်ရှိနေပြီး ကျားဖြန့်/လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့၏ ကျားဖြန့်တိုက်ဖျက်ရေးအခြေအနေများကိုလည်း ကြည့်ရှုမည့်အခြေအနေရှိနေသည်။
“ကျွန်တော်တို့ တရုတ်ဒုဝန်ကြီး လုံခြုံရေးလမ်းကြောင်းလိုက်ပေးနေရတယ်။ အခု တရုတ်ဒုတိယဝန်ကြီး ရောက်နေပြီ။ အစည်းအဝေးလုပ်နေကြတယ်။”ဟု BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က Tachileik News Agency ကိုပြောသည်။
တရုတ်ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီး လျူရှောင်ယီသည် ဖေဖော်ဝါရီလ (၁၆)ရက်နေ့က မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာပြီးနောက် ယင်းနေ့ညနေပိုင်းတွင် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့သို့ ရောက်လာသည်ဟု သိရသည်။
တရုတ်ဒုဝန်ကြီး လျူရှောင်ယီသည် ကိုယ်စားလှယ်အဖွဲ့ဝင် (၂၆)ဦးနှင့်အတူ ရွှေကုက္ကိုလ်ကို ရောက်ရှိနေခြင်းဖြစ်ပြီး မည်သည့်ကိစ္စများအား ဆွေးနွေးသည်ကိုမူ မသိရသေးပါ။
၎င်းတို့အဖွဲ့သည် စစ်ကောင်စီနှင့်လည်း နယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများတိုက်ဖျက်ရေးအတွက် ဖေဖော်ဝါရီလ (၁၄)ရက်နေ့က နေပြည်တော်၌ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အွန်လိုင်းအသုံးပြု လောင်းကစားမှုများနှင့် ဆက်သွယ်ရေးလိမ်လည်မှုများအပါအဝင် နယ်စပ်ဖြတ်ကျော် မှုခင်းများအား နှစ်နိုင်ငံပူးပေါင်းတားဆီးနှိမ်နင်းရေးကိစ္စများကို ဆွေးနွေးကြသည်ဟု ဆိုသည်။
ထို့အပြင် ကရင်ပြည်နယ် မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စများ၊ အွန်လိုင်းလိမ်လည်မှု တားဆီးနှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်း ဆွေးနွေးသည်ဟု ဆိုသည်။
ထို့အပြင် ကရင်ပြည်နယ် မြဝတီဒေသရှိ အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေး တရုတ်-မြန်မာ-ထိုင်း ၃ နိုင်ငံအကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ကျင်းပပြုလုပ်နိုင်ရေးလည်း ဆွေးနွေးကြသည်ဟု သိရသည်။
လက်ရှိတွင် မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား (၁၀၃၀)ဦးကို ဖေဖော်ဝါရီလ(၁၆)ရက်နေ့အထိ စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့အနက်မှ (၆၁)ဦးကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးပြီးဖြစ်ကာ ကျန်ရှိ(၉၆၉)ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo:တရုတ်ဒုဝန်ကြီးနှင့်အဖွဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မဲဆောက်သို့ရောက်ရှိလာစဉ်