နိုဝင်ဘာလအတွင်း ရုံတင်ပြသတော့မည့် "ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီး"ရုပ်ရှင်ဇာတ်ကားအပေါ် ကန့်ကွက်ဝေဖန်ခဲ့သည့် ကိုရှိုင်းထက်အောင် (ခေါ်) ဗွီးထက်ကူးမားအား နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်သည်ဟု စွပ်စွဲကာ ဖမ်းဆီးအမှုဖွင့် ထားကြောင်း သိရသည်။
ကိုရှိုင်းထက်အောင် (ခေါ်) ဗွီးထက်ကူးမားသည် ၂၀၂၄ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့ကတည်းက ပျောက်သွားပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားရာမှ (၄)ရက် ဝန်းကျင်အကြာတွင် စစ်ကောင်စီဘက်က အောက်တိုဘာလ(၃၀)ရက်နေ့ ညပိုင်းက ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် အောက်တိုဘာလ(၂၉)ရက်နေ့ ည(၆)နာရီ မိနစ်(၄၀)အချိန်တွင် လှိုင်မြို့မရဲစခန်း၌ အမှုဖွင့် အရေးယူထားသည်ဟု သတင်း ထုတ်ပြန်ထားသည်။
"ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီး"ရုပ်ရှင်ဇာတ်ကားကို ဝေဖန်မှုများ ပြုလုပ်ခြင်းသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင် လှုံ့ဆော်ကာ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်သည်ဟု သက်ရောက်ကြောင်း စွပ်စွဲကာ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
"များမကြာမီ အချိန်တွင်လည်း ရိုရာယဥ်ကျေးမှု ဒီပဝလီ(Dipavali)ပွဲတော်လည်း ရှိနေပါတယ်။ အချိန်ကိုက်ဆိုသလို ထွက်ရှိလာတဲ့ ကားနာမည်က ရပ်ကွက်ထဲက ကလေကချေ အများစုက အိန္ဒိယနွယ်ဖွားတွေကို မြင်ရင် ခနဲ့သော ချိုးနှိမ်လိုသော စိတ်ဖြင့် သုံးနှုံးသော အသုံးနှုံးတစ်ရပ်အား နိုင်ငံတစ်ဝှမ်းလုံး လူသိရှင်ကြားဖြင့် ကြေညာသလိုမျိုး ဖြစ်နေတယ်။ ဒါက သိပ်မကြာခင် ပွဲတော်ရက်မှာ တစ်ခုခုဖြစ်စေချင်လို့ အချိန်ကိုက်ပြီးများ လုပ်တာလားလို့တောင် သံသယ ဖြစ်မိပါတယ်။"ဟု ကိုရှိုင်းထက်အောင် (ခေါ်) ဗွီးထက်ကူးမား က ၎င်း၏ Facebook စာမျက်နှာဖြစ်သည့် Het Sal Yon တွင် ၂၀၂၄ခုနှစ် အောက်တိုဘာလ(၂၄)ရက်နေ့က ရေးသားထားခြင်း ဖြစ်သည်။
"ကျွန်တော်တို့ ဘယ်သူမှ ပျော်မနေကြပါ။ ပျော်ပွဲ ရွှင်ပွဲဆိုတာထက် မီးထွန်းပွဲတော်ပါ။ ဆီးမီးပူဇော်ပြီး အဖက်ဖက်က ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ပြေပျောက်ဖို့ ဆုတောင်းမေတ္တာ ပို့ရမယ့်အချိန်မှာ အခုလို အကျည်းတန်လွန်းတဲ့ပုံစံနဲ့ ထွက်လာတာကို မည်သို့မျှ လက်မခံနိုင်ပါ။ နောက်တစ်ခုက အိန္ဒိယဝတ်ရုံများမှာ သူ့ယဥ်ကျေးမှုနဲ့ သူ့မျိုးနွယ်စုတွေနဲ့ သူ သီးသန့်ရှိပါတယ်။ ဥပမာပြောရရင် ကချင်ရိုးရာဝတ်စုံ ရှမ်းရိုးရာဝတ်စုံ စသည်ဖြင့်ပေါ့။ ယခုပုံပါ အတိုင်းဆိုပါက ရှမ်းရိုးရာဝတ်စုံနှင့် ချင်းရိုးရာဝတ်စုံကို တွဲဖက် ဝတ်ဆင်ထားသကဲ့သို့ ဖြစ်နေပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းကို သိချင်ရင် အနုပညာလက်ရာကို ကြည့်တဲ့။ ခေတ်အဆက်ဆက် မျိုးနွယ်စု တခုချင်းစီကို ချိုးနှိမ်ပြီး ဟာသ လုပ်ထားသော ဒီရုပ်ရှင်ကားကို ကျွန်တော်မှ စတင်၍ ကန့်ကွက် ပါတယ်။"ဟု ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီးရုပ်ရှင် ပိုစတာနှင့်အတူ ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားခြင်း ဖြစ်သည်။
ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီးရုပ်ရှင်နှင့် ပတ်သက်ပြီး ပထမဆုံး ဝေဖန်သူ ဖြစ်သည့် ကိုရှိုင်းထက်အောင် (ခေါ်) ဗွီးထက်ကူးမား ၏ ဝေဖန်ကန့်ကွက်ကြောင်း ပိုစ့်မှာ လူသိများပြားသွားပြီး ထိုမှတဆင့် ကန့်ကွက်သူ များပြားလာခြင်းဖြစ်သည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကား၏ Premiere Show ပွဲကို အောက်တိုဘာ ၂၉ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ သမ္မတအဆင့်မြင်ရုပ်ရှင်ရုံတွင် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။