စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ကလေး(၂)ဦးအပါအဝင် (၃)ဦး သေဆုံးပြီး (၈)ဦး ဒဏ်ရာရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ထံမှ သိရသည်။
ငါတို့ရွာရှိ ပျူစောထီးစခန်းမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဒရုန်းဖြင့် ဗုံးသီး(၃)လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ (၁၁)ရက်နေ့ကလည်း ကန့်ဘလူ ၆၀၀၆ တကရတပ်မှ ဒရုန်း(၂)စီးအပါအဝင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား (၇၀)ခန့်သည် ငါတို့ရွာ ပျူစောထီးစခန်းကို ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာအား ယနေ့နံ နက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီး(၃)လုံးချတိုက်ခိုက်ခဲ့ရာ ပြည်သူပိုင်နေအိမ်အချို့ ပျက်ဆီးသည့်အပြင် မဖြူဝင်း (၃၀)နှစ်၊ အသက်မပြည့်သေးသည့် မသိမ့်သိမ့်ဖြူ(၄)နှစ်နှင့် မငြိမ်းအိစံ (၁၀)နှစ်တို့ ထိမှန်သေဆုံးကာ (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းတွင်ပင် ရွာမရွာရှိ နေအိမ်များကိုလည်း ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူ ၆၀၀၆ အထိုင်မှ ထွက်လာသော စစ်ကြောင်းများသည် စစ်ကြောင်းထိုးခြင်းများမလုပ်ဘဲ အနီးအနားတဲတိုက်ရှိ ပြည်သူပိုင် ပစ္စည်းများနှင့် ကျွဲ၊ နွား၊ ဝက်၊ ကြက်များအား ခိုးယူစားသောက်ကာ ဒရုန်းများဖြင့် ပြည်သူများနေထိုင်သည့် ကျေးရွာများအား ဗုံးသီးချတိုက်ခိုက်နေခြင်းဖြစ်သည်။
ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်များ၏ ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းကြောင့် စက်တင်ဘာလကလည်း ပြည်သူ(၆)ဦးအထိ ဗုံးသီးထိမှန်သေဆုံးခဲ့ရသည်။
#TachileikNewsAgency
Photo: ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့