တန့်ဆည်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲနေ

တန့်ဆည်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲနေ
ဖေဖော်ဝါရီ 21, 2024 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် အရပ်သား(၃)ဦးထိမှန်ထားကာ (၂)ဦးစိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ၂၀၂၄ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက ကံထူးမရဲစခန်းကို တိုက်ခိုက် မီးရှို့ဖျက်ဆီးလိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေပြီး အနီးရှိ ကျေးရွာ(၂၀)ဝန်းကျင်မှ ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

“လေယာဉ်နဲ့ ဗုံးကြဲနေတာ အခုလေးတင် Mi 35 နဲ့လာ ပစ်နေတာ။ (၈)ကြိမ်လောက်ရှိပြီဗျ လာတာ။ ဘယ်နေရာတွေကို ပစ်နေတယ်ဆိုတာကတော့ အတိတကျမသိရဘူး။ စစ်ကြောင်းကို ရင်ဆိုင်နေတဲ့တစ်နေရာရယ်၊ ကံထူးမရဲစခန်း ပတ်ပတ်လည်ရယ်ကို ပစ်နေတာ။ တော်တော်ကြာပြီ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်က ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ည(၈)နာရီကျော်မှ (၁၀)နာရီကျော်အထိ Y 12 လေယာဉ်ဖြင့် နှစ်ကြိမ် ကင်းထောက်ပျံသန်းပြီးနောက် ပကာကျေးရွာကို ဗုံး(၂)လုံးကြဲချရာ ဒေသခံ(၃)ဦး ထိမှန်ပြီး (၂)ဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြစ်သည်ဟု သိရသည်။

“ဗုံးကြဲတာ မြေတွေပါ တုန်တယ်။ အဆောက်အအုံ ပြိုသံလိုမျိုးတွေ။ ရဲစခန်းသိမ်းပြီးတော့ အခုထိတိုက်ပွဲက ဆက်ဖြစ်နေတုန်း။ အခုက စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ဖြစ်နေတာ။ ကြဲစရာနေရာ ကျန်သေးရဲ့လား မသိဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် တန့်ဆည်မြို့နယ် ခံနံ့သာတောရကျောင်း၌ တစ်ညတပ်စွဲပြီးနောက် ကံကြီးကုန်းမှ တဆင့် အင်တိုင်းရွာကိုရောက်လာကာ ယင်းမှတဆင့် ကံထူးမရဲစခန်းဘက်ကို စစ်ကူစစ်ကြောင်းထိုးလာခြင်းဖြစ် ကြောင်း သိရသည်။

“ရဲစခန်းကတော့ မီးလောင်သွားပြီ။ ရဲစခန်းအနီးက ရွာ(၂၀)ဝန်းကျင်လောက်လည်း ထွက်ပြေးတိမ်းရှောင်နေကြ ရတယ်။ အခြေအနေက ဆိုးနေတုန်းပဲ။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။