သံချပ်ကာ၊ တင့်ကား၊ ရဟတ်ယာဉ်တို့ဖြင့် အလင်းဝင်လာပါက ငွေကျပ်သိန်းတစ်ထောင်ချီးမြှင့်မည်ဟု MNDAA ထုတ်ပြန်

သံချပ်ကာ၊ တင့်ကား၊ ရဟတ်ယာဉ်တို့ဖြင့် အလင်းဝင်လာပါက ငွေကျပ်သိန်းတစ်ထောင်ချီးမြှင့်မည်ဟု MNDAA ထုတ်ပြန်

သံချပ်ကာ၊ တင့်ကား၊ ရဟတ်ယာဉ်တို့ဖြင့် အလင်းဝင်လာပါက ငွေကျပ်သိန်းတစ်ထောင်ချီးမြှင့်မည်ဖြစ်ကာ အရာရှိကို ထိန်းချုပ်ပြီးအလင်းဝင်ပါက ကျပ်သိန်းတစ်ရာ ချီးမြှင့်မည်ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့(MNDAA)က ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့တွင် ကြေညာသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် (၁၂.၇)မမနှင့်အထက်ရှိ အမြောက်များနှင့်အလင်းဝင်ပါက ကျပ်သိန်း(၁၀၀)၊ သံချပ်ကာ၊ တင့်ကားနှင့် အခြားကုန်းလမ်းသုံး အကြီးစား စစ်ရေးကိရိယာများဖြင့် အလင်းဝင်ပါက ကျပ်သိန်း (၁၀၀၀)၊ ရဟတ်ယာဉ်၊ ပို့ဆောင်ရေးလေယာဉ်၊ အခြားလေယာဉ်အမျိုးအစားများနှင့် အလင်းဝင်ပါက ကျပ်သိန်း (၁၀၀၀)ချီးမြှင့်မည်ဟု သိရသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် အဆိုပါလက်နက်ကြီးနှင့် တင့်ကား၊ ရဟတ်ယာဉ်များအား သယ်ဆောင်အလင်းဝင်ခြင်း၊ တပ်စခန်းရှိ လက်နက် ကြီးများအား ကောင်းမွန်စွာထိန်သိမ်းထားခဲ့ပြီး အလင်းဝင်ခြင်း၊ လက်နက်ကြီးများကို စစ်ကောင်စီအသုံးမပြု နိုင်ရန် ဖျက်ဆီးထားခဲ့ခြင်းများ ပြုလုပ်နိုင်သည်ဟု သိရသည်။

စစ်ကောင်စီတပ်သားများသည် ဆန္ဒအလျောက် လက်နက်ချအလင်းဝင်ပါက လူသားချင်းစာနာသည့် ဆက်ဆံရေးပေးပြီး အသက်ကို အာမခံချက် အပြည့်အဝပေးမည်ဟု ဆိုသည်။

တပ်သားများ အလင်းဝင်လာပါက ငွေကျပ်(၁၀)သိန်း၊ လက်နက်နှင့်အလင်းဝင်ပါက ငွေကျပ်(၁၅)သိန်း၊ ဒုဗိုလ်မှ ဗိုလ်ကြီးအဆင့်ထိ အလင်းဝင်ပါက ငွေကျပ်သိန်း(၂၀)နှင့် လက်နက်နှင့်အတူအလင်းဝင်ပါက ငွေကျပ်(၂၅)သိန်း၊ ဗိုလ်မှူးမှ ဗိုလ်မှူးကြီးအဆင့်အထိ အလင်းဝင်ပါက ငွေကျပ်သိန်း(၃၀)၊ လက်နက်နှင့်အလင်းဝင်ပါက (၃၅)သိန်း ချီးမြှင့်မည်ဟု သိရသည်။

အလင်းဝင်လာပြီးသူများက စစ်ကောင်စီတပ်သားများအား ထပ်မံစည်းရုံးပေး၍ ထပ်မံဝင်လာသူရှိပါက ထပ်မံချီးမြှင့်မည်ဖြစ်သည်ဟု ဆိုသည်။

#TachileikNewsAgency