ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ရေးဗျူဟာအရ အရေးပါသည့် စစ်ကောင်စီတပ်၏ ခလရ ၂၈၄ အခြေစိုက် တောင်စွန်းစစ် စခန်းအား သိမ်းပိုက်နိုင်ခြင်းသည် ရာဇဝင်ကြွေးဆပ်ခြင်းဖြစ်ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F က မေလ ( ၉ ) ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာသည်။
တောင်စွန်းစခန်းကို ၂၀၂၃ခု နှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ကနေ (၅) ရက်နေ့အထိ တစ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်း အဆက်မပြတ် တိုက်ခိုက်မှု ၊ အင်အား တစ်ရာကျော်အထိ ခုခံကာကွယ်မှု၊ ပူးပေါင်းတပ်ဖွဲ့များ၏ ဒရုန်းနှင့် ခဲယမ်းလက်နက်အင်အားနည်းပါးမှုတို့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ထိုစဉ်က ( ၅ ) ရက်ကြာ တိုက်ပွဲအတွင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F မှ ရဲဘော် ( ၆ ) ဦးနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် ( ၃ ) ဦး စုစုပေါင်း ( ၉ ) ဦး ကျဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါ စစ်ကောင်စီ၏ ခလရ ၂၈၄ အခြေစိုက် တောင်စွန်းစစ်စခန်းကို ရဲဘော် ( ၉ ) ဦးကျဆုံးခဲ့ပြီးနောက် တစ်နှစ်နှင့် သုံးလအကြာ မေလ ( ၃ ) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့ပြီး စခန်းပေါ်တွင်ကျန်ရှိခဲ့သည့် ရဲဘော်တို့၏ အရိုးများပြန်ကောက်၍ ဂုဏ်ပြုခွင့်နှင့် ၊ အရိုးနှင့်အောင်လံထူကာ ရာဇဝင်ကြွေးဆပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ယခုတစ်ကြိမ်တိုက်ခိုက်မှု၌ ပထမအကြိမ် တိုက်ခိုက်ရာတွင် ပြန်လည်ဆုတ်ခွာခဲ့ရသည့် ရဲဘော်များ ပါဝင်သကဲ့သို့ SOF ခွန်အားသစ် ရဲဘော်များလည်း ပါဝင်ခဲ့ပြီး မဆုပ်မနစ် တွန်းလှန်တိုက်ခိုက်မှုကြောင့် တောင်စွန်းတွင် ကရင်အမျိုးသားအလံတော်နှင့် ပြည်သူ့ကာကွယ်ရေးအလံတော်ကို စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
တောင်စွန်းစခန်း သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ( ၂၆ ) ဦး သေဆုံးပြီး တပ်ရင်းမှူး အပါအဝင် ( ၁၃ ) ဦး ထွက်ပြေးခဲ့သွား၍ စစ်ကောင်စီတပ်၏ လက်နက်ကြီး လက်နက်ငယ် (၄၀) ကျော် နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲကို KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/ အထူးတပ်ဖွဲ့) ၊ lion battalion commando စစ်ကြောင်း၊ federal wings၊ Cloud Wings ဒရုန်း ပူးပေါင်းတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
#TachileikNewsAgency
Photo: အထူးစစ်ဆင်ရေးတပ်ဖွဲ - S.O.F