တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီတပ်က အင်တာနက်နှင့် ဖုန်းလိုင်းများဖြတ်တောက်ထား

တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီတပ်က အင်တာနက်နှင့် ဖုန်းလိုင်းများဖြတ်တောက်ထား

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁၂)ရက်နေ့ကစတင်၍ အင်တာနက်လိုင်းနှင့် ဖုန်း လိုင်းများ ဖြတ်တောက်ထားပြီး ဒေသခံများကိုလည်း မြို့ပြင်ပေးမထွက်တော့ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက တောင်ကုတ်မြို့နယ် ကင်းတောင်ရွာအနီးတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များ တပ်ဆုတ်သွားကာ တောင်ကုတ်မြို့အတွင်း၌ နေရာယူထားသည်ဟု ဒေသခံများက ဆိုသည်။

"တောင်ကုတ်ကို အင်တာနက်လိုင်းလည်း ဖြတ်ထားတယ်။ ဖုန်းလိုင်းလဲ ဆက်သွယ်လို့မရတော့ဘူး။ ကင်းတောင်ဖက်မှာ တိုက်ပွဲဖြစ်တော့ စစ်ကောင်စီတပ်က မြို့ထဲနေရာယူထားတယ်။ ဒေသခံတွေကို မြို့ပြင်ပေးမထွက်ဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီတပ်က အင်တာနက်၊ ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် ငွေလွှဲ၊ ငွေထုတ်ကိစ္စများ၊ ဘဏ်ဝန်ဆောင်မှုများ အခက်အခဲဖြစ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

"ကင်းတောင်မှာ တိုက်ပွဲဖြစ်တာ။ စစ်ကောင်စီက လက်နက်ကြီးနဲ့ အချက်(၂၀)လောက်ပစ်တယ်။ လေယာဉ်လဲ (၃)ကြိမ် ပျံတာတွေ့လိုက်ရတယ်။ အခုက တည်ငြိမ်နေတယ်ဆိုပေမယ့် ဒေသခံတွေကို ပိတ်ထားတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇွန်လ (၁၀)ရက်နေ့ကလည်း တောင်ကုတ်မြို့နှင့် အနီးဝန်းကျင်ကျေးရွာများ သွားလာနိုင်သည့် ရွှေကွင်းစမ်းတံတားကို စစ်ကောင်စီက ဖျက်ဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ကွမ်းစမ်းတံတားသည် တောင်ကုတ်မြို့နှင့် (၈)မိုင်အကွာတွင်ရှိပြီး မြို့ပေါ်နှင့် လမူး၊ ဆားပြင်၊ ကင်းတောင်၊ ရွာမ စသည့် ကျေးရွာများသို့ ဆက်သွယ်သွားလာနိုင်သည်ဟု သိရသည်။

လမ်းပန်းဆက်သွယ်ရေးများ ဖြတ်တောက်ခြင်းခံထားရသဖြင့် တောင်ကုတ်မြို့တွင် အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများ ဈေးနှုန်းမြင့်တက်နေသည်။ 

သံတွဲနှင့် တောင်ကုတ်သည် (၄၅)မိုင်ဝန်းကျင်ဝေးကာ ပြီးခဲ့သည့် မေလ(၁၃)ရက်နေ့ကစတင်၍ သံတွဲ-တောင်ကုတ်လမ်းပေါ်ရှိ သံတွဲမြို့နှင့် မိုင်(၂၀)ခန့်ဝေးသော ရွှေလှေတိုက်နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် သံတွံမြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာသည်။

ယနေ့တွင်မူ သံတွဲမြို့ ကျောက်ကြီးပြင်ရွာ၌ တိုက်ပွဲများဖြစ်နေသည်ဟုလည်း ဒေသခံများထံက သိရသည်။

#TachileikNewsAgency