ညောင်လေးပင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့က သံဃာတစ်ပါးနှင့် အရပ်သားနှစ်ဦးကို ပစ်သတ်သွား

ညောင်လေးပင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့က သံဃာတစ်ပါးနှင့် အရပ်သားနှစ်ဦးကို ပစ်သတ်သွား

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့က သံဃာတစ်ပါးနှင့် အရပ်သား(၂)ဦးကို ပစ်သတ်ကာ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့ကစတင်ကာ စစ်ကြောင်းထိုးလာရာက အောက်တိုဘာလ (၁)ရက်နေ့အထိ Spring Warriors Column၊ PDF တပ်ရင်း(၃၇၀၂)၊ Royal Peacock Columnပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း Spring Warriors Columnတပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား တစ်ဦးသေကာ လက်နက်တစ်လက်ရရှိခဲ့ပြီး ဘက်ဖိုးတစ်စီးအား PDF တပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့သဖြင့် မီးရှို့ဖျက်ဆီးခဲ့ရာ  ညနေပိုင်းတွင် တိုက်ပွဲပိုမိုပြင်းထန်လာခဲ့ပြီး PDFပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်(၄)ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ပုဇွန်မြောင်းကျေးရွာတိုက်ပွဲသည် စက်တင်ဘာလ (၂၇)ရက်နေ့က စတင်ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ (၂၉)ရက်နေ့တွင် တိုက်ပွဲပိုမိုပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိခဲ့သည့်အပြင် PDF ပူးပေါင်းတပ်များဘက်ကလည်း ရဲဘော်(၃)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် PDF ပူးပေါင်းတပ်များဘက်က ဆိုင်ကယ် (၂)စီး၊ စကားပြောစက် (၁)လုံး ဆုံးရှုံးခဲ့ရကာ စစ်ကောင်စီတပ်ဖွဲ့က အရပ်သား(၂)ဦးနှင့် သံဃာတော်တစ်ပါးအား ပစ်သတ်ခဲ့ပြီး နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

#TachileikNewsAgency