ငပလီကမ်းခြေ ဂျိတ္တောရပ်ကွက်မှ အရပ်သား ၁၀၀ ကျော်ကို စစ်ကောင်စီဖမ်းဆီးပြီး ဖုန်းများသိမ်းထား

ငပလီကမ်းခြေ ဂျိတ္တောရပ်ကွက်မှ အရပ်သား ၁၀၀ ကျော်ကို စစ်ကောင်စီဖမ်းဆီးပြီး ဖုန်းများသိမ်းထား

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့ ဂျိတ္တောရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၈) ရက်နေ့ နံနက်ပိုင်းက ဒေသခံ(၁၀၀)ကျော်ကို ဖမ်းဆီးပြီးနောက် ဖုန်းများသိမ်းဆည်းထားကြောင်း ဒေသခံများထံမှ သိရသည်။

ဂျိတ္တောရပ်ကွက်တွင် ပိတ်မိနေသည့် ဒေသခံအမျိုးသမီး၊ အမျိုးသား၊ သက်ကြီးပိုင်းနှင့် လူငယ်များအားလုံးကို စစ်ကောင်စီက ဖမ်းဆီး ခေါ်ဆောင်ပြီး ဖုန်းများအားလုံးသိမ်းဆည်းထားသည်ဟု ဆိုသည်။

"ဒီနေ့မနက် ဂျိတ္တောတရပ်ကွက်လုံးကို ဝင်ဖမ်းတာ။ အိမ်တွေထဲထိဝင်ဖမ်းတာ။ အားလုံးနီးပါးပဲ ဖမ်းခံရတာ။ နေ့လယ်ပိုင်းမှာ တချို့ပြန်လွတ်လာပြီ။ လူငယ်တချို့တော့ ဖမ်းခံနေရသေးတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်က ဒေသခံများ၏ ဖုန်းအားလုံးကို သိမ်းဆည်းထားပြီး (၃)ရက်နေပါက ပြန်ပေးမည်ဟုဆိုသော်လည်း မသေချာသဖြင့် ဒေသခံများ ထပ်မံဖမ်းဆီးခံရမည်ကို စိုးရိမ်နေသည်ဟု ဆိုသည်။

"ပြဿနာက ဖုန်းတွေအကုန်ယူထားလိုက်တယ်။ ကျွဲသောက်ကုန်းအပိုင်းက တပိုင်းလုံးပဲ ဖမ်းခံရတယ်။ တခြားအကွက်တွေမှာလည်း အားလုံးနီးပါးကို ဖမ်းတယ်။ အရေအတွက်အားဖြင့်ဆို ရာကျော်ပဲပြောရမှာပေါ့။ ရှိသမျှလူ အကုန်ဖမ်းတာဆိုတော့။"ဟု ဒေသခံတစ် ဦးက ဆက်ပြောသည်။

နေ့လယ်ပိုင်းတွင် ဖမ်းဆီးရသည့် အရပ်သား တသုတ်ပြီး တသုတ် လွတ်လာကြပြီး လူငယ်ချို့မှာ ပြန်မလွတ်သေးဟု သိရသည်။

"ကျွန်တော်တို့ အပိုင်းမှာတော့ တချို့သက်ကြီးပိုင်းတွေက စကစကို တောင်းပန်ခယပြီး ခေါ်ထုတ်လာလို့ တပိုင်းလုံး ပြန်လွတ်လာကြတယ်။ အခုက နောက်တကြိမ် ခုလိုလာပြီး ဖမ်းမှာစိုးရိမ်လို့ ကျီးလန့်စာစားဖြစ်နေကြရတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

အာရက္ခတပ်တော်(AA)သည် ငပလီကမ်းခြေရှိ ခမရ (၅၆၆)နှင့် ခလရ (၅၅)တပ်တို့ကို သိမ်းပိုက်ပြီး သံတွဲမြို့ကိုလည်း ထိန်းချုပ်ထားကာ တခုတည်းကျန်ရှိသည့် ကွင်းဝိုင်းရေတပ်စခန်းမကျရေး စစ်ကောင်စီတပ်က ဂျိတ္တောတွင် တပ်စွဲခုခံနေခြင်းဖြစ်သည်။

#TachileikNewsAgency