ငလျင်ဘေးသင့်ပြည်သူများကို ကူညီရေးအတွက် ယာယီအပစ်ရပ်စဲရေးကို ဥရောပသမဂ္ဂ ကြိုဆို

ငလျင်ဘေးသင့်ပြည်သူများကို ကူညီရေးအတွက် ယာယီအပစ်ရပ်စဲရေးကို ဥရောပသမဂ္ဂ ကြိုဆို

တော်လှန်ရေးအဖွဲ့များနှင့် စစ်ကောင်စီတို့၏ ယာယီအပစ်ရပ်စဲရေးကို ဥရောပသမဂ္ဂက ကြိုဆိုကြောင်း ၂၀၂၅ ခုနှစ် ဧပြီလ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

 

မြန်မာစစ်တပ်နှင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသောအဖွဲ့အစည်းများ၏ ယာယီအပစ်အခတ်ရပ်စဲရေးကြေညာချက်များအပေါ် ဥရောပသမဂ္ဂက သဘောထားထုတ်ပြန်ကြေညာလာခြင်းဖြစ်သည်။

အဆိုပါ ကြေညာချက်များသည် ငလျင်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အဟန့်အတားမရှိ ဘေးကင်းလုံခြုံစွာဖြင့် လျင်လျင်မြန်မြန်ရောက်ရှိရေးအတွက် လိုအပ်သည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု သဘောထား ထုတ်ပြန်ထာသည်။

မြန်မာနိုင်ငံအလယ်ပိုင်းတွင် မတ်လ (၂၈)ရက်နေ့က စစ်ကိုင်းနှင့် မန္တလေးကို အခြေပြုလှုပ်ရှားသည့် အင်အားပြင်းငလျင်ကြောင့် အဆောက်အဦများစွာပြိုကျကာ လူအများအပြားပိတ်မိသွားသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်  ထိုးစစ်နှစ်ပတ်ရပ်နားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ်လ (၂၉)ရက်နေ့တွင် စတင်ထုတ်ပြန်ကာ ဧပြီလ (၁)ရက်နေ့တွင်  ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သည့် AA၊ MNDAA နှင့် TNLA တို့က ဧပြီလကုန်အထိ ထိုးစစ်ရပ်ကြောင်း ကြေညာခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အပစ်ရပ်ကမ်းလှမ်းချက်များကို စစ်ကောင်စီက ဧပြီလ(၁)ရက်အထိ ပယ်ချနေခဲ့ပြီးနောက် ဘန်ကောက်တွင် ဧပြီလ (၃)ရက်နေ့၌ စတင်ကျင်းပမည့် BIMSTEC ဆွေးနွေးပွဲသို့ စစ်ခေါင်းဆောင်မသွားမီတစ်ရက်အလို ဧပြီလ (၂)ရက်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်က ဧပြီလ (၂၂)ရက်အထိ ယာယီအပစ်ရပ်သည်ဟု ကြေညာချက်ထုတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်နေသည့် KIO/KIA က စစ်ကောင်စီနည်းတူ အပစ်ရပ်ကြောင်း ဧပြီလ (၂)ရက်နေ့မှာပင် ထုတ်ပြန်ကြေညာခဲ့ပြီး စစ်ကောင်စီတပ်များအပါအဝင် အဖွဲ့အစည်းအားလုံးအနေဖြင့် ကြေညာချက်ပါအတိုင်း လိုက်နာရန်လိုအပ်သည်ဟု ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဧပြီလ (၃)ရက်နေ့ နံနက်အစောပိုင်းတွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်သံများ ဆူညံနေကြောင်း ဒေသခံများထံမှ သိရသည်။

#TachileikNewsAgency