သံတွဲမြို့တွင်း ပိတ်မိနေသူများကို AA ကယ်ထုတ်

သံတွဲမြို့တွင်း ပိတ်မိနေသူများကို AA ကယ်ထုတ်

ရခိုင်ပြည်နယ် သံတွဲမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး မြို့တွင်း နေရာအနှံ့ကို စစ်ကောင်စီက ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်‌နေရာ ပိတ်မိနေသည့် ဒေသခံများကို AAက ကယ်ထုတ်နေကြောင်း AB News က ဖော်ပြထားသည်။

သံတွဲမြို့အတွင်း ပိတ်မိနေသည့် ပြည်သူအချို့အား AA က ယနေ့ နံနက်ပိုင်းတွင် ကယ်ထုတ်ပေးကာ လုံခြုံသည့်နေရာများသို့ ပို့ပေးခဲ့‌သည်ဟု သိရသည်။

သံတွဲမြို့အား ဆက်လက်တိုက်ခိုက်သိမ်းပိုက်ရမည်ဟု AA က ဇူလိုင်လ(၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်ပြီးခဲ့ပြီး ယင်းနေ့တွင်ပင် စစ်ကောင်စီက သံတွဲမြို့နေရာအနှံ့ကို နေ့စဥ်ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။ 

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံတွဲမြို့ထဲရှိ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းနှင့် သမိုင်းဝင် စေတီအချို့ ထိခိုက်ပျက်စီးခဲ့ကာ လူနေအိမ်များလည်း ပျက်စီးသွားကြောင်း သိရသည်။

"သံတွဲမြို့ကို AA က ထိန်းချုပ်ထားပြီးပြီ။ ဇူလိုင်လ (၁၃)ရက်နေ့ကပဲလို့ ဆိုရမယ်။ ဒါကြောင့် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးတွေကြဲတယ်။ ‌ရေတပ်ကနေ လက်နက်ကြီးနဲ့ ပစ်တာ။ ဒေသခံတချို့လည်း ထိခိုက်သေဆုံးတာတွေရှိတယ်။"ဟုဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် AA သည် ငပလီရှိ ခလရ(၅၅)၊ ခမရ(၅၆၆)တပ်နှင့် သံတွဲလေဆိပ်တို့ကို သိမ်းထားကြောင်း ထုတ်ပြန်ထားပြီး သံတွဲမြို့ကို သိမ်းထားကြောင်း ထုတ်ပြန်ခြင်းမရှိသေးပါ။

#TachileikNewsAgency

Photo: Arakan Bay News