မကွေးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ဦးဆောင်သူဟု ဆိုကာ အယောက်(၂၀)ကျော်ကို အမှုဖွင့်ကာ လိုက်လံဖမ်းဆီးနေ

မကွေးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ဦးဆောင်သူဟု ဆိုကာ အယောက်(၂၀)ကျော်ကို အမှုဖွင့်ကာ လိုက်လံဖမ်းဆီးနေ

 မကွေးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်သူများဟုဆိုကာ အယောက် (၂၀)ကျော်ကို အမှုဖွင့်ကာ လိုက်လံဖမ်းဆီးလျှက်ရှိကြောင်း သိရပြီး ယနေ့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် မင်းဘူးမြို့ပေါ်၌ ဆန္ဒပြနေသူများအနက်မှ (၆)ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

နေပြည်တော် တပ်ကုန်းမှာ အဖမ်းအဆီးတွေများတယ်လို့ သိရသလို မကွေးမှာလည်း ဦးဆောင်သူ (၂၀)လောက်ကို ပုဒ်မ ၅၀၅-က(ဂ)နဲ့ အမှုဖွင့်ပြီး လိုက်လံဖမ်းဆီးနေပြီလို့ သိရတယ်။ ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှာ ရာဇသတ်ကြီးကို ပြင်ဆင်လိုက်တဲ့ ဥပဒေအရ အဲဒီပုဒ်မက ရဲအရေးပိုင်ပြီး (၃)နှစ်အထိ ထောင်ဒဏ် သက်သက်ကိုဖြစ်စေ ဒဏ်ငွေကိုဖြစ်စေ၊ ဒဏ် (၂)ရပ်လုံးဖြစ်စေ ကျခံရနိုင်တယ်။ အဲဒီ ဥပဒေပြင်ဆင်လိုက်ပြီးနောက်ပိုင်းမှာ ဖမ်းဆီးမှုတွေ ခပ်စိပ်စိပ်တွေ့လာရပါတယ်။ ဒီနေ့ မင်းဘူးဆန္ဒပြ ပွဲမှာ (၇)ဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်

ဟု ဥပဒေ ပညာရှင်တစ်ဦးက ပြောသည်။

မကွေးမြို့၌ ဆန္ဒပြဦးဆောင်သူဟုဆိုသည့် ကိုကျော်သန်း၊ တိုင်းဝန်ကြီးဟောင်း ဦးနေမျိုးကျော်၊ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး တို့ ဖမ်းဆီးခံထားရကာ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကိုလည်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရကြောင်း သိရပြီး မင်းလှမြို့မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာရဲထွန်းဇော်ကိုလည်း အမှုဖွင့်ထားကြောင်း  သိရသည်။

Tachileik News Agency

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...