လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် စည်ပင်သာယာရေးရုံးအား အဝေးထိန်းမိုင်းနှင့် (၂) ကြိမ်ဖောက်ခွဲတိုက်ခိုက်

လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် စည်ပင်သာယာရေးရုံးအား အဝေးထိန်းမိုင်းနှင့် (၂) ကြိမ်ဖောက်ခွဲတိုက်ခိုက်

လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာအုပ်စု ကျွန်းကြီးကျေးရွာရှိ ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီးရာတွင်ပါဝင်ခဲ့သည့် လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် စည်ပင်သာယာရေးရုံးအား အဝေးထိန်းမိုင်းဖြင့် (၂)ကြိမ် ဖောက်ခွဲတိုက်ခိုက်ကြောင်း Dark Shadow အဖွဲ့မှ ၂၀၂၄ခုနှစ် မေလ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် (၈) ရပ်ကွက်၊ မကွေးလမ်းရှိ မြို့နယ်စည်ပင်သာယာရေးရုံးအား မေလ (၂၇) ရက်နေ့ ည (၇) နာရီခွဲခန့်တွင် အဝေးထိန်းမိုင်းဖြင့် (၁)ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး၊ ပေါက်ကွဲမှုဖြစ်ရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် ဒုတိယအကြိမ် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးအခြေအနေများကို ဆက်လက်စုံစမ်းနေပြီး၊ တိုက်ခိုက်မှုဆောင်ရွက်ခဲ့သည့် ရဲဘော်များ နေရပ်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း Dark Shadow အဖွဲ့မှ ဆိုသည်။

လှိုင်သာယာမြို့နယ် စည်ပင်သာယာရေးရုံးသည် စစ်ကောင်စီအမိန့်နာခံကာ လှိုင်သာယာမြို့နယ် ကျွန်းကြီးကျေးရွာရှိ ပြည်သူများ၏ အိုးအိမ်များကို မတရားသဖြင့် ဖျက်ဆီးရာတွင် ပါဝင်ခဲ့သည့်အတွက် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Dark Shadow အဖွဲ့သည် ရန်ကုန်မြို့အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်ပြီး ၎င်းတို့၏ Urban Freedom စစ်ဆင်ရေးအဖြစ် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလ (၂၈) ရက်နေ့ကလည်း လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ညောင်တုန်းလမ်းမကြီးပေါ်ရှိ (၅)ထိပ် ရဲစခန်းကို (၄၀)မမ ဗုံးသီး (၄) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

#TachileikNewsAgency