သံတွဲမြို့တွင်လျှပ်စစ်မီးပြတ်တောက်နေသဖြင့် ဒေသခံများ ဖုန်းအားကို လျှပ်စစ်ရုံးတွင်သွားသွင်းနေရ

သံတွဲမြို့တွင်လျှပ်စစ်မီးပြတ်တောက်နေသဖြင့် ဒေသခံများ ဖုန်းအားကို လျှပ်စစ်ရုံးတွင်သွားသွင်းနေရ

ရခိုင်ပြည်နယ် သံတွဲမြို့တွင် တိုက်ပွဲအတွင်း လျှပ်စစ်မီးတိုင်များ လက်နက်ကြီးထိမှန်ကျိုးကျခြင်းကြောင့် လျှပ်စစ်မီးပြတ်တောက်နေရာ ဒေသခံများမှာ မြို့နယ်လျှပ်စစ်ရုံးတွင် ဖုန်းအားသွင်းနေကြရကြောင်း ဒေသခံများထံမှ သိရသည်။

သံတွဲမြို့လျှပ်စစ်မီးကို တောင်ကုတ်မြို့မှ ရယူနေရခြင်းဖြစ်ကာ ပြီးခဲ့သည့် မေလဆန်းပိုင်းကစတင်၍ တောင်ကုတ်-သံတွဲလမ်းရှိ ရွှေလှေတိုက်နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်ရာက မီးတိုင်များ လက်နက်ကြီးထိမှန်လဲကျ၍ မီးကြိုးများ ပြတ်တောက်နေပြီး ယနေ့အထိ ပြန်လည်ပြင်ဆင်နိုင်ခြင်း မရှိသေးဟု သိရသည်။

“မီးစက်ရှိတဲ့သူတွေကကျ အဆင်ပြေတယ်လေ။ မီးစက်မရှိတဲ့သူတွေကကျတော့ ဖုန်းအားသွင်းချင်ရင် လျှပ်စစ်ရုံးသွားသွင်းနေရတယ်။ ဒါမှမဟုတ် ရင်းနှီးတဲ့ မီးစက်ရှိတဲ့အိမ်မှာ သွားသွင်းကြာတာပေါ့။ လျှပ်စစ်ရုံးကတော့ မနက်(၁၁)နာရီကနေ နေ့လယ်(၂)နာရီအထိ ဘယ်သူမဆို အခမဲ့ဆိုလို့ သွားသွင်းနေကြတယ်။ လျှပ်စစ်ရုံးလည်း မီးစက်နှိုးပြီး ပေးထားတာ။”ဟု သံတွဲမြို့ပေါ်မှ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လျှပ်စစ်မီးမရသဖြင့် ဒေသခံများများသည် ထင်းမီးကိုအသုံးပြုပြီး ထမင်း၊ ဟင်းချက်နေရပြီး တချို့မှာ ဆိုလာဖြင့် မီးအသုံးပြုနိုင်သော်လည်း မီးစက်ရှိသူများမှာ ဓာတ်ဆီဈေးမြင့်တက်နေခြင်းကြောင့် ကြာရှည်လည်ပတ်ရန် အဆင်မပြေဖြစ်နေသည်ဟု ဆိုသည်။

“သံတွဲမြို့ပေါ်မှာ မနေ့က ဓာတ်ဆီဈေးက တစ်လီတာကို (၁၀၅၀၀)ကျပ်နဲ့ဝယ်ရတယ်။ ဒီနေ့ (၁၂၀၀၀)ကျပ်ဖြစ်သွားပြီ။ ရွှေလှေတိုက်နယ်မှာ တစ်လီတာကို (၁၈၀၀၀)ရှိတယ်။ နေ့တိုင်းမီးစက်မမောင်းနိုင်ဘူး။ နောက်ဆို ဆီပါ ပြတ်မှာ။ မီးတိုင်တွေလည်း လာပြင်တာမတွေ့သေးဘူး။ တောင်ကုတ်-သံတွဲလမ်းတလျောက်က တိုင်တွေကျိုးနေတာ တွေ့တယ်။”ဟု ရွှေလှေတိုက်နယ်မှ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ပွဲများကြောင့် သံတွဲမြို့သည် ပြီးခဲ့သည့် မေလ(၁၃)ရက်နေ့ကပင် လျှပ်စစ်မီး ပြတ်တောက်သွားခြင်းဖြစ်ပြီး လျှပ်စစ်ရုံးကလည်း ကြောက်လန့်နေသဖြင့် သွားမပြင်ရဲသည့်အခြေအနေဖြစ်ကြောင်း လျှပ်စစ်ဝန်ထမ်းတစ်ဦး ပြောသည်။

#TachileikNewsAgency

Photo: CJ