ညောင်ဦးမြို့နယ်နှင့် တောင်သာမြို့နယ်တို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် ပါဝင်သူများအား အရေးယူသွားမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ ကြေညာ

ညောင်ဦးမြို့နယ်နှင့် တောင်သာမြို့နယ်တို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် ပါဝင်သူများအား အရေးယူသွားမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ ကြေညာ

မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးမြို့နယ်နှင့် တောင်သာမြို့နယ်တို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် ပါဝင်သူများအား အရေးယူသွားမည်ဖြစ်ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

မန္တလေးတိုင်း ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် ပါဝင်ပက်သက်သူများအား အရေးယူသွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် အခြေစိုက် Bagan-Nyaung U Special Task Force အဖွဲ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စာထုတ်ပြန်သည့်နေ့မှစ၍ စစ်ကောင်စီ၏ မတရား စစ်မှုထမ်းရန် စည်းရုံးလှုံဆော်ခြင်းနှင့် သန်းခေါင်စာရင်း ကောက်ယူခြင်းများတွင် ပါဝင်ပက်သက်သူများအားလုံးအား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း Bagan- Nyaung U Special Task Force အဖွဲ့က အသိပေးထားသည်။

ထို့အပြင် မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် ပါဝင်ပက်သက်သူများအား အရေးယူသွားမည်ဖြစ်ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ TTA – People’s Defense Force အဖွဲ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ပြည်သူများအား အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရန် ကိုယ်ရေးအချက်အလက် ကောက်ယူခြင်းအဖြစ် ယူဆပြီး ၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် Non–CDM ဝန်ထမ်းများက ဝန်းရံကူညီကောက်ခံနေသည်ဟု သိရှိရကြောင်း TTA–People’s Defense Force အဖွဲ့က ဆိုသည်။

ထိုသို့ စစ်ကောင်စီ၏ လုပ်ရပ်ကို ပူးပေါင်းပါဝင်ပက်သက်နေကြသည့် Non–CDM ဝန်ထမ်းများကိုလည်း ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ (SOP)နှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ TTA–People’s Defense Force အဖွဲ့က အသိပေးထားသည်။

စစ်ကောင်စီသည် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ၎င်းတို့ စိုးမိုးဒေသများတွင် သန်းခေါင်စာရင်းကောက်ယူရန် လုပ်ဆောင်နေပြီး ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့မှ စစ်ကောင်စီကြိုးပမ်းနေသည့် သန်းခေါင်စာရင်းကောက်ယူခြင်း အပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံး၀ လက်မခံဘဲ တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

#TachileikNewsAgency

Photo : စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများက သန်းခေါင်စာရင်း ကောက်ယူနေစဥ် (ပုံဟောင်း)