သိန္နီမြို့ကို စစ်ကောင်စီ ဗုံး ၇ လုံးကြဲချမှု ကချင်ဘုရားကျောင်း ပျက်စီးမှုများ

သိန္နီမြို့ကို စစ်ကောင်စီ ဗုံး ၇ လုံးကြဲချမှု ကချင်ဘုရားကျောင်း ပျက်စီးမှုများ
အောက်တိုဘာ 28, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ် ရပ်ကွက် (၃) သိန္နီဟိုတယ်အနီးနှင့် ကချင်နှစ်ခြင်းဘုရားကျောင်းကို  ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့ ည (၁၀)နာရီဝန်းကျင်က ဗုံး(၇)လုံး ကြဲချတိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကချင်ဘုရားကျောင်းတစ်ခုလုံးနီးပါး ပျက်စီးခဲ့ရပြီး သိန္နီဟိုတယ်အနီးရှိ နေအိမ်အဆောက်အဦးများ ပျက်စီးသွားကြောင်း သိရသည်။

“ဒေသခံတွေကတော့ ထိခိုက်မှုမရှိဘူး။ စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့နေကြရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ(၁၀)ရက်နေ့ကလည်း လားရှိုးမြို့ အီနိုင်းကျေးရွာအတွင်းရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ ဘုရားကျောင်း ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် လားရှိုးမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည်မှာ ဩဂုတ်လမှ ယနေ့ထိ အကြိမ်ရေ (၃၀)နီးပါး ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: လားရှိုးမြို့ ပြန်လည်ထူထောင်ရေး