ရေစကြိုမြို့နယ်တွင် ရေကြီးနစ်မြှုပ်မှုကြောင့် လူဦးရေတစ်သိန်းဝန်းကျင် ရေဘေးရင်ဆိုင်နေရ

ရေစကြိုမြို့နယ်တွင် ရေကြီးနစ်မြှုပ်မှုကြောင့် လူဦးရေတစ်သိန်းဝန်းကျင် ရေဘေးရင်ဆိုင်နေရ

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် ရေကြီးနစ်မြှုပ်မှုကြောင့် လူဦးရေတစ်သိန်းဝန်းကျင် ရေဘေးရင်ဆိုင်နေရသဖြင့် အကူအညီများပေးကြရန် ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အကူအညီတောင်းခံထားသည်။

ရေစကြိုမြို့နယ်တွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေးများသည် ၂၀၂၄ခုနှစ် ဇူလိုင်လ (၆)ရက်နေ့ကစတင်ကာ ထူးကဲမြစ်ရေမြင့်တက်မှုကြောင့် မြို့နယ်ဧရိယာအကျယ်အဝန်း၏ သုံးပုံတစ်ပုံခန့် ကျေးရွာပေါင်း(၁၃၀)ကို ရေလွှမ်းနေပြီး စိုက်ပျိုးသီးနှံများအားလုံး ဆုံးရှုံးနစ်နာခဲ့ကြရသည်ဟု သိရသည်။

အိမ်ထောင်စု (၂၇၀၀၀)ခန့်  လူဦးရေ တစ်သိန်းခန့်သည် ရေဘေးနှင့် ရင်ဆိုင်နေကြရပြီး ရေကြီးမှု တာရှည်ခြင်းကြောင့် ပြည်သူများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ၏ အစားအစာနှင့် နေထိုင်မှုများ အလွန်ခက်ခဲနေသည်ဟု သိရသည်။ 

 

ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်ပြီး ရေစကြိုမြို့နယ် ရေဘေးသင့်ပြည်သူများ အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့အဖြစ်ဖွဲ့စည်းကာ ရေဘေးသင့်ပြည်သူများကို အရေးပေါ်ကူညီကယ်ဆယ်နိုင်ရေး အမြန်လုပ်ဆောင် အကူအညီများပေးနေသည်ဟုလည်း ဆိုသည်။ 



 

‌ရေစကြိုမြို့နယ်သည် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုဒဏ်၊ ညှင်းပန်းနှိပ်စက်မှုဒဏ်များ ခံစားနေရသည့်အပြင် ရေဘေးသင့်မှုကြောင့်လည်း ထပ်ဆင့်ခံစားနေရသည့်အတွက် ပြည်တွင်း၊ ပြည်ပရှိ အလှူရှင်များအနေဖြင့် ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ၊ မြို့ နယ်လူသားချင်းစာနာထောက်ထားရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ထံ ဆက်သွယ် လှူဒါန်းပေးကြရန် မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency

Photo: ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ ရေစကြိုမြို့နယ်