ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် ပစ်ခတ်မှုများဖြစ်နေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တချို့မီးလောင်နေ 

ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် ပစ်ခတ်မှုများဖြစ်နေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တချို့မီးလောင်နေ 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်စခန်းကုန်းအနီးတွင် ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့ နေ့လယ်(၁၂)နာရီဝန်းကျင်ကစတင်ကာ ပစ်ခတ်မှုများပြင်းထန်နေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့် နေအိမ်တချို့လည်း မီးလောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်စခန်းကုန်းအနီးတွင် နေ့လယ်ပိုင်းကစတင်ကာ ပစ်ခတ်မှုများဖြစ်ပွားနေပြီး လက်နက်ကြီးများ ရွာအတွင်း ကျရောက်ပေါက်ကွဲကာ စစ်ကောင်စီတပ်စခန်းအနီးရှိကျောင်းလည်း ပိတ်လိုက်ရကြောင်း သိရသည်။

“စစ်ကောင်စီတပ်စခန်းက ကျောင်းနားမှာရှိနေတာ။ အဲဒီတပ်စခန်းအနီးမှာ ပစ်ခတ်မှုတွေဖြစ်နေတာ။ စစ်ကောင်စီတပ်သားတွေ အများကြီးပဲ ရွာထဲမှာရှိနေတယ်။ လက်နက်ကြီးတွေလည်း ရွာထဲကိုကျလို့ နေအိမ်တွေလည်း မီးလောင်နေတယ်။ ပစ်နေတာ (၂)နာရီလောက်တောင်ကြာပြီ။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

မည်သည့်အတွက်ကြောင့် ပစ်ခတ်မှုများဖြစ်ပွားနေသည်ကို မသိရသေးသော်လည်း လက်ရှိအချိန်ထိ ပစ်ခတ်မှုများဖြစ်နေပြီး ဒေသခံများလည်း ရွာအတွင်း ပိတ်မိနေသည်ဟု သိရသည်။

အသေးစိတ်အချက်အလက်ကို Tachileik News Agencyအနေဖြင့် ထပ်မံစုံစမ်းနေဆဲဖြစ်ပါသည်။

#TachileikNewsAgency

Photo : CJ