ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)က ကျားဖြန့်/လူမှောင်ခို ပပျောက်နှိမ်နင်းရေး ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ လုပ်ငန်းများကို ဝင်စီးတော့မည်ဟု BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျားဖြန့်/လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ကို BGF ဘက်က ဖွဲ့စည်းလိုက်ပြီးနောက် တစ်ပတ်အတွင်း မြဝတီဒေသရှိ လုပ်ငန်းများအားလုံးကို ဝင်ရောက်စီးနင်းတော့မည်ဟု ဆိုသည်။
“ကျွန်တော်တို့က ဟန်ပြမလုပ်ဘူး။ ဒီတစ်ခါ တကယ်လုပ်ပြမှာ။ သိသိသာသာလုပ်ပြမှာ။ ကျွန်တော်တို့က ဖောရှောမလုပ်ဘူး။ ဒီတစ်ခါတော့ ထင်သာမြင်သာ ထိထိရောက်ရောက်ကိုလုပ်မှာ။ ပြတ်ပြတ်သားသားလုပ်မယ်။ ဒီရက်ပိုင်းအတွင်းမှာ နေရာအစုံကို ဝင်စီးမယ်။ ဒီအဖွဲ့တွေ ဖွဲ့ပြီးတော့မှ။ အဓိက ဟိုဘက်က လက်ခံဖို့အဆင်သင့်မဖြစ်ဘူးဆိုရင် ကျွန်တော်တို့ဆီမှာလည်း ထားရတာ နည်းနည်းအခက်အခဲဖြစ်တယ်။”ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က Tachileik News Agency ကို ပြောသည်။
BGF အနေဖြင့် ကျားဖြန့်နှိမ်နင်းရေးအတွက် အဖွဲ့(၃)ဖွဲ့နှင့် ကြီးကြပ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေးအဖွဲ့တို့ကို ဖွဲ့ စည်းလိုက်ကာ ထိုင်းနိုင်ငံနှင့်လည်း ညှိနှိုင်းနေသည့်အပြင် အဓိကကျသည့် ငွေလိမ်ဂိုဏ်းများ၊ လူမှောင်ခိုလုပ်သည့်နေရာများကို ဝင်စီးမည်ဖြစ်ပြီး နယ်စပ်တလျောက်ကိုလည်း လုံခြုံတင်းကြပ်မည်ဟု ဆိုသည်။
“အဓိက ပြန်ပို့ရမယ့် လူဦးရေအရေအတွက်က တဖက်က လက်ခံနိုင်မှ အဆင်ပြေမှာလေ။ အဲဒီကိစ္စ အရေအတွက်ကို ညှိနှိုင်းနေတယ်။ တစ်ပတ်၊ (၁၀)ရက်အတွင်းမှာပဲ အယောက်(၁၀၀၀)လောက် ပို့ချင်တာပေါ့။ အဲဒီတော့မှ ရှင်းသွားမှာပေါ့။”ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဆက်ပြောသည်။
BGF အနေဖြင့် လူကုန်ကူးခံသူများနှင့် နေရပ်ပြန်လိုသူများအား ဦးစားပေးအနေဖြင့် စတင်ဖော်ထုတ်မည်ဟုလည်း သူကပြောသည်။
“သူတို့(ထိုင်း)ဘက်က ကျားဖြန့်တိုက်ဖျက်ရေးကို ဘယ်လိုလုပ်မယ်မပြောဘဲနဲ့ ဖမ်းမယ်၊ ဆီးမယ် တကဲကဲလုပ်နေတော့ ဆွေးနွေးတာမှာ တခြားဘာပြောစရာရှိလို့လည်း ပြန်ပို့မယ့်ကိစ္စပဲ ပြောစရာရှိတာပေါ့။ ကိုယ်လည်း အပြစ်မရှိဘူးဆိုတော့လည်း သူတို့ဟာသူတို့ ဖမ်းမယ်၊ ဆီးမယ်ပဲဖြစ်နေတော့ ဘာလို့ အဲဒီလောက်တောင် မုန်းနေလဲ မသိတော့ပါဘူး။”ဟု ထိုင်းဘက်နှင့်ဆွေးနွေးသည့် အခြေအနေကို ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ကပြောသည်။
ယနေ့တွင် BGF ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့က အစည်းအဝေးပြုလုပ်ကာ ကြီးကြပ်ရေးနှင့် ပို့ဆောင်ရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်မှူးကြီး စောဒိဒိက ဦးဆောင်သည်ဟု ဆိုသည်။
ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် ဒုတိယဗိုလ်မှူးကြီး စောကျောဖော၊ အဖွဲ့ဝင်များအဖြစ် ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်၊ ဒုတိယဗိုလ်မှူးကြီး စောမောင်လေး၊ ဗိုလ်မှူး စောအောင်နိုင်ဦး၊ ဗိုလ်မှူး စောယဉ်ကြည်နှင့် ဗိုလ်မှူး မျိုးကျော်ခိုင်တို့ ပါဝင်သည်။
အဖွဲ (၁)တွင် ဗိုလ်မှူးကြီး စောဆန်းလင်းက အဖွဲ့ခေါင်းဆောင်၊ ဒုတိယဗိုလ်မှူးကြီး စောချစ်ချစ်က ဒုတိယခေါင်းဆောင်အဖြစ် ပါဝင်ပြီး အဖွဲ့(၂)တွင် ဗိုလ်မှူးကြီးစောပါပီက အဖွဲ့ခေါင်းဆောင်၊ ဒုတိယ ဗိုလ်မှူးကြီး စောပေါ်ပယ်က ဒုတိယခေါင်းဆောင်အဖြစ်ပါဝင်ကာ အဖွဲ့(၃)တွင် ဒုတိယဗိုလ်မှူးကြီး စောမောင်တူးက အဖွဲခေါင်းဆောင်၊ ဗိုလ်မှူး စောတာဘလဲ့က ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်သည်။
ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းများထံ လူမှောင်ခိုကူးခံရသည့် အင်ဒိုနီးရှားနိုင်ငံသား (၆၉)ဦးကိုလည်း ဒုတိယအကြိမ်အဖြစ် လာမယ့်တစ်ပတ်အတွင်း ပြန်ပို့တော့မည်ဟုလည်း သိရသည်။
#TachileikNewsAgency