ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLA) ဌာနချုပ်ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့ နံနက်ပိုင်းက တိုက်လေယာဉ်ဖြင့် ဗုံး(၄)လုံး ကြဲချတိုက်ခိုက်သည်ဟု PNLA ထံမှ သိရသည်။
စစ်ကောင်စီလေတပ်က ယနေ့ နံနက် (၁၁)နာရီတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ဌာနချုပ်အတွင်းရှိ အများပြည်သူကို ဝန်ဆောင်မှုပေးနေသော ဆေးခန်းတစ်ခု ပျက်စီးသွားသည်ဟု ဆိုသည်။
“ဒီမနက် (၁၁) နာရီအချိန်မှာပေါ့နော် တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘူး။ အကြောင်းရင်းလည်းမရှိဘဲနဲ့ စစ်ကောင်စီက ကျွန်တော်တို့ ဌာနချုပ်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံး (၄) လုံးကြဲတိုက်ခိုက်ခဲ့တယ်။ အဲဒီမှာ ဌာနချုပ်အဝန်းအဝိုင်းမှာရှိတဲ့ အများပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းတစ်ခု ထိခိုက်ပျက်စီးသွာပါတယ်။”ဟု PNLA ပြောခွင့်ရသူ ခွန်ရိမ်းယံက Tachileik News Agency ကိုပြောသည်။
PNLA သည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ပါဝင်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လင်းခေးခရိုင်၊ တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်တို့တွင် လှုပ်ရှားသည်။
၂၀၁၂ ခုနှစ် ဩဂုတ်လတွင် PNLA သည် အစိုးရနှင့် ပြည်နယ်အဆင့် သဘောတူညီချက် (၅)ချက်နှင့် ပြည်ထောင်စုအဆင့်သဘောတူညီချက်(၈)ချက်တိုဖြင့် လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့များနှင့်အတူ ယနေ့အထိ ဆန့်ကျင်တော်လှန်နေရာ ထိန်းချုပ်ဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေသည်။
ယမန်နေ့ကလည်း စစ်ကောင်စီသည် မွန်ပြည်နယ် သထုံခရိုင်နှင့် ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းပြုလုပ်နေသည့် ကရင်နှစ်သစ်ကူးပွဲတော်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် ထုတ်ပြန်သည်။
#TachileikNewsAgency
#TNA_MAT
Photo: PNLA News & Information Department